Tuesday 31 January 2012


ဒေါ်အောင်ဆန်းစုကြည် မြိုင်မြို့နယ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လေ့လာ

2012-01-31
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာမှာ ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးဌာန အထောက်အပံ့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
AFP PHOTO/Soe Than WIN
ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးဌာန အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာချိန် အတွင်း ရပ်ရွာလူထုကို မိန့်ခွန်း ပြောကြားနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေ လိုက်ပါကာ ရန်ကုန်မြို့ကနေ လေကြောင်းခရီးနဲ့ ဒီကနေ့ မနက်အစောပိုင်းက ထွက်ခွာပြီး ညောင်ဦးလေဆိပ်ကို နံနက် ၉ နာရီခန့်မှာ ရောက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ကားတန်းကို ဒေသခံတွေက ဆိုင်ကယ်များ၊ ကားများနဲ့ ညောင်ဦးလေဆိပ်မှာ အသွားအပြန် ကြိုဆို လိုက်ပါ ပို့ဆောင်ကြပါတယ်။ ပခုက္ကူမြို့တွင်း ဖြတ်သန်းချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမိုးဖွင့်ကားပေါ်က မတ်တတ်ရပ်ပြီး လူထုကို နှုတ်ဆက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းခရီး တစ်လျှောက်မှာ မိန့်ခွန်း ပြောကြားခြင်းမရှိဘဲ ခရီးစဉ်ဦးတည်ရာ ကျေးရွာနှစ်ရွာမှာသာ ရပ်ရွာလူထုကို စကားပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုခဲ့တဲ့ ပယ်ပင်တိုက် ကျေးရွာနဲ့ ကျစ်သီးကျေးရွာတို့က စီမံကိန်းတွေကို ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံဖြိုး တိုးတက်ရေးဌာန DFID ရဲ့ အထောက်အပံ့နဲ့ အပြည်ပြည်ဆိုင်ရာ NGO တစ်ခုဖြစ်တဲ့ အာဒရာ ADRA အဖွဲ့က အကောင်အထည်ဖော်နေတာလို့ သိရပါတယ်။

No comments:

Post a Comment

hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in