Showing posts with label MIZZIMA NEW. Show all posts
Showing posts with label MIZZIMA NEW. Show all posts

Tuesday 31 January 2012


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အခြေခံ လုပ်ငန်းများ ဒေါ်စု သွားရောက်လေ့လာ

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန Department for International Development- DFID ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်
လေ့လာခဲ့သည်။

မြိုင်မြို့နယ်ရှိ ပေပင်တိုက်နှင့် ကျစ်တီးရွာ နှစ်ရွာတွင် DFID ၏ အကူအညီဖြင့် ပြုလုပ်နေသည့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရန်ကုန်အခြေစိုက် ဗြိတိသျှနှင့် သြစတြေးလျ သံအမတ် တို့နှင့် အတူ ဗြိတိသျှ သံရုံး၏ အစီအစဉ်ဖြင့် အင်္ဂါနေ့က သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။

“ဗြိတိသျှ အစိုးရကနေပြီးတော့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပေါ့။ အဲဒါနဲ့ဆက်နွယ်ပြီးတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲဒီလုပ်ငန်းတွေကို သွားလေ့လာတာ” ဟု ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့် က မဇ္ဈိမကိုပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ လလယ်ပိုင်းက ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး အင်ဒရူးမစ်ချယ်လ်၏
မြန်မာနိုင်ငံ ခရီးစဉ်တွင် DFID အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်
နေလျက် ရှိရာတွင် ယင်းလုပ် ငန်းများ၌ လိုအပ်ချက်များကို NLD နှင့် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ ကြပြီး ယခုခရီးစဉ် ဖြစ်မြောက်လာရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

NLD အနေဖြင့် အနာဂတ် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲလာမှု အပေါ် မူတည်၍ အခြေခံလူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် အပြည်ပြည်ဆိုင်ရာမှ ကူညီလာမည့် ဖွံ့ဖြိုးရေး ရန်ပုံငွေများကို အသုံးပြုကာ တိုးမြှင့်လုပ်ဆောင် သွားရန် ရည်ရွယ်လျက်ရှိကြောင်း သိရသည်။

“ဖွံ့ဖြိုးရေး ရန်ပုံငွေတွေက မလုပ်တတ်လို့ရှိရင်လည်း တံတားဆောက်တာ၊ လမ်းဖောက်တာနဲ့ ပြီးသွားမှာပဲပေါ့။ အခြေခံ လိုအပ်ချက်တွေက ရမလာနိုင်ဘူး။ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာ အခုချက်ချင်း ကောက်လုပ်လို့ ရတာ မဟုတ်ဘူး။ အခြေခံ အဆောက်အအုံတွေ ဆောက်ရမှာကိုး။ အဲဒါကို သွားကြည့်ကြည့်တဲ့ အခါကျတော့ ဒီ Project
တွေထဲမှာ လိုတာတွေလည်း နောင်လာမယ့် ဟာတွေအတွက်လည်း ကျနော်တို့က အများကြီး စဉ်းစားလို့ရတာပေါ့။ အဲဒီအတွက် သွားတာပါ” ဟု ဦးခွန်သာမြင့် ကပြောသည်။

အဆိုပါ ခရီးစဉ်တွင် DFID ၏ အကူအညီဖြင့် အလုပ်အကိုင် ဖန်တီးပေးမှု ပုံစံဖြင့် ပြုလုပ်ထားသော ပေပင်တိုက်နှင့် ကျစ်တီး ကျေးရွာတို့တွင် စက်ချုပ်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ သနပ်ခါးစိုက် လုပ်ငန်း၊ ရာသီပေါ်သီးနှံနှင့် နှစ်ရှည်စိုက်ပျိုးရေး လုပ်ငန်းများကို ဒေါ်အောင်ဆန်းစုကြည် က ကြည့်ရှုခဲ့ပြီး ဖြည့်စွက်ပေးရန် လိုအပ်ချက်များကိုလည်း မေးမြန်းကြောင်း သိရသည်။

ဒေသခံ ရွာသူ၊ ရွာသားများကလည်း ကျေးရွာ၌ လိုအပ်နေသည့် စိုက်ပျိုးကဏ္ဍအတွက် ရေလိုအပ်နေမှုနှင့် အခြား လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆို တင်ပြမှုများအား ဒေါ်အောင်ဆန်းစုကြည် က ဖြည့်ဆည်း ဆောင်ရွက်
ပေးသွားမည်ဟု ပြောဆိုခဲ့သလို ဒေသခံများဘက်မှလည်း ပိုမို ကြိုးပမ်းသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

DFID မှ မြန်မာနိုင်ငံ ပညာရေးနှင့် ကျန်းမာရေးအတွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ်တာအတွင်း ခန့်မှန်းခြေ
ပေါင် သန်း ၁၈၀ (အမေရိကန်ဒေါ်လာ သန်း ၃၀၀) ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ နိုင်ငံတကာနှင့် ဒေသခံ NGO များ၊ ရပ်ရွာအဖွဲ့ အစည်းများမှ တဆင့် ကူညီပေးသွားရန် ရှိကြောင်း စုံစမ်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေး၊ စည်းရုံးရေး မဟုတ်သော မြိုင်ခရီးစဉ်အား ဒေသခံများကို အသိပေးခြင်း မရှိဘဲ ထွက်ခွာခဲ့သော်လည်း လမ်းခရီးတလျှောက်ရှိ ပုဂံညောင်ဦး၊ ပခုက္ကူနှင့် မြိုင်မြို့လမ်းကြောင်းတလျှောက်တွင် ကြိုဆိုသူများ ပြည့်နှက်နေသဖြင့် ခရီးစဉ် နှောင့်နှေးခဲ့သည်ထိ ကြုံဆုံခဲ့ရကြောင်း အတူလိုက်ပါသွားသည့် သတင်းထောက်များက ပြောသည်။

“ကြိုတဲ့လူတွေက အသွားရော အပြန်ရော အများဆုံးကတော့ ပခုက္ကူပဲ။ လမ်းမကြီး ဘေးဖတ်တွေမှာ ပြည့်နှက်ပြီး ကားကို မြန်မြန် မောင်းလို့မရဘူး။ တနာရီဝန်းကျင်လောက် မောင်းရမယ့် လမ်းခရီးကို သုံးနာရီကျော်လောက်
မောင်းလိုက်ရတယ်။ လမ်းမှာ ကြိုတဲ့ လူတွေများလို့။ အမျိုးမျိုး ကြိုကြတယ်ဗျ။ မြိုင်မှာဆိုရင် အိုးစည်ဒိုးပတ်ဝိုင်းတွေနဲ့ပါ ကြိုတယ်” ဟု ခရီးစဉ်တွင် လိုက်ပါသွားသူ သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုခဲ့သူ အမျိုးသမီးငယ် တဦးကမူ “ကျမအသက် ၂၀ ကျော်ပြီ
ဒေါ်အောင်ဆန်းစုကြည် ကို ဓါတ်ပုံထဲမှာပဲ မြင်ဖူးတာ။ အခုမှ အပြင်မှာ တွေ့ဖူးတာ ဓါတ်ပုံထဲကထက် အများကြီး လှတယ်။ သူ့ကို ကျမ ပန်းသွား ပေးတာ လူတွေက တိုးကြိတ်နေတာနဲ့ မနည်း သူ့ဆီရောက်အောင် သွားရတယ်” ဟု သူမက မဇ္ဈိမကို ပြောသည်။

အင်္ဂါနေ့ ခရီးစဉ်ကို ရန်ကုန်မြို့မှ မနက် ၇ နာရီခွဲတွင် ဗြိတိသျှ၊ သြစတြေးလျ သံအမတ်များနှင့်အတူ စင်းလုံးလေယာဉ်
ဖြင့် ထွက်ခွာခဲ့ပြီး ညနေ ၇ နာရီ ခွဲတွင် ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်

မစ္စတာ ကွင်တားနား အား ကျန်ရှိ နိုင်/ကျဉ်းအရေး တင်ပြကြမည်

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။       ။ မြန်မာနိုင်ငံသို့ အင်္ဂါနေ့က ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr Tomas Quitana အား ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးရန် တောင်းဆိုသွားကြမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသား ကွန်ကရက် ဥက္ကဋ္ဌ  ဦးပူကျင့်ရှင်းထန်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်တို့ သုံးဦးက  ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ရန်ကုန်မြို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ရုံး UNDP တွင် နံနက်၁၁ နာရီမှ မွန်းလွဲ ၁ နာရီထိ Mr Tomas Quitana နှင့် တွေ့ဆုံသည့်အခါ ထိုအချက် အပါအဝင် ၎င်းတို့၏ လိုလားချက်များကို တင်ပြသွားမည်ဟု သိရသည်။

“ကျနော်တို့က အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ထပ်လွတ်ပေးပါ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု အခြေခံ လူ့အခွင့်အရေးတွေကို တိုးမြင့်ရရှိဖို့၊ လူထုလိုအပ်ချက်နဲ့ မကိုက်ညီတဲ့ တဘက်သတ်ဆန်တဲ့ ဥပဒေတွေကို ဆက်လက် ပြုပြင်သွားဖို့ ကျနော်တို့ ဆွေးနွေးထားပါတယ်”ဟု SNLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံးမှ မန်းငြိမ်းမောင်နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S ) ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ SSA-S/RCSS မှ ဗိုလ်မှူး ခွန်ကျော်၊ စိုင်းကောင်ခမ်း၊ အိုက်ကော၊ စိုင်းဖုန်းတင့်၊ စိုင်းယီ၊ စိုင်းစိန် အပါအဝင် ၃၁ ဦးသည် နိုင်ငံရေးအကျဉ်းသားများအဖြစ် အကျဉ်းကျနေဆဲ ဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။

ဗိုလ်မှူး ခွန်ကျော်သည် မကွေးတိုင်း သရက်ထောင်တွင် အကျဉ်းကျခံနေရပြီး အခြားအကျဉ်းသား ၅ ဦးမှာ သာယာဝတီ
ထောင်တွင် အကျဉ်းကျခံနေရသည်။

မစ္စတာ ကွင်တားနား၏ ယခုခရီးစဉ်ကြောင့် ကျန်ရှိသေးသော နိုင်ငံရေး အကျဉ်းသားများကို လွတ်မြောက်လာနိုင်သလို လွတ်လပ်တရားမျှတသည့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်ရန် အစိုးရဘက်မှ လိုက်လျောလိမ့်မည်ဟု မျော်လင့်သည်ဟု ၎င်းတို့က ဆိုသည်။

“တိုင်းရင်းသားတွေ အခက်အခဲကို တိုင်းရင်းသားတွေ ကိုယ်စား ဆွေးနွေးခွင့် ရမယ်ဆိုတော့ ကျနော်တို့ ဝမ်းသာစရာပါ၊ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု ဦးစိုင်းလိတ်က ဆက်ပြောသည်။

အလားတူ ဇိုမီးပါတီမှလည်း ကျန်နေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများ အတွင်း တိုက်ပွဲများကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တင်ပြသွားမည်ဟု ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ အများကြီးရှိသေးတယ်ဆိုတာ ပြောမယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲ ဖြစ်တာတွေ၊ အပစ်အခတ် ရပ်ဆိုင်းထားပေမဲ့ အတည်မဟုတ်သေးဘူး။ အဲဒါတွေ သေသေချာချာ ရပ်ဆိုင်းထားဖို့၊ အပစ်အခတ် မရပ်ထားလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိတယ်။ ဘုရားရှိခိုးကျောင်း မီးရှို့တာ၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ၊ သတ်တာ ဖြတ်တာတွေ၊ ပေါ်တာဆွဲတာတွေ အဲဒါတွေ အဓိက တင်ပြမှာပါ”ဟု ပူးကျင့်ရှင်းထန် က ပြောသည်။

ထို့အပြင် ချင်းပြည်နယ်သို့ လာရောက်သည့် နိုင်ငံခြား ခရီးသည်များကို လုံခြုံရေးအရဟုဆိုကာ အစိုးရဘက်မှ သွားရောက်ခွင့် ပိတ်ပင်ထားခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သည်ဟု ယုံကြည်သဖြင့် ထိုလုပ်ဆောင်မှုကို ဖယ်ရှားပေးရန်လည်း မစ္စတာ ကွင်တားနားကို တင်ပြသွားမည်ဟု ပြောသည်။

၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည့် မစ္စတာ ကွင်တားနားသည် ဗုဒ္ဒဟူးနေ့တွင်
နေပြည်တော်ရှိ အစိုးရအဖွဲ့များနှင့် သွားရောက် တွေ့ဆုံမည်ဟု ကုလပြောခွင့်ရ ပုဂ္ဂိုလ် ဦးအေးဝင်းက ပြောသည်။

သူ၏ ၆ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုင်းရင်းသား ခေါင်းဆောင်များအပြင် အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး နယ်ထောင်များသို့လည်း သွားရောက်
လေ့လာမည် ဟု သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ နေထိုင်မည့် သူ၏ခရီးစဉ်မှာ ၂ဝ၁၁ ခုနှစ် သြဂုတ်လ မြန်မာခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အစိုးရတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံသွားရန် ရှိကြောင်းလည်း ဇန်နဝါရီလ ၃ဝ ရက်နေ့ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်လေ့လာ၍ တွေ့ရှိချက်များကို ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းသွားမည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း မစ္စတာ ကွင်တားနားနှင့် တွေ့ခွင့်ရမည်ဟု မျှော်လင့်ထားကြောင်း အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပြီး အဓိက နိုင်ငံရေးအကျဉ်းသား ကျန်နေသေးသည့် ကိစ္စနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရသည့် ရည်ရွယ်ချက်၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးနှင့် ကျန်နေသေးသော နိုင်ငံရေး အကျဉ်းသားများ အရေးကို တင်ပြသွားရန် ရှိသည်ဟု ဆက်ပြောသည်။

NLD ပါတီ၏ စာရင်းအရ နိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၃၁၀ ဦး ကျန်ပြီး ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP က နိုင်ငံရေး အကျဉ်းသား ၁၅၇၂ ဦးရှိ ကျန်နေသေးကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Sunday 29 January 2012

ပြင်သင့်တဲ့ ဥပဒေများကို ပြင်ဘို့ ကြိုးပမ်းမယ်

2012-01-29
မိမိ လွှတ်တော်ထဲကို ရောက်ရင် ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ကြိုးစား သွားမယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

DaweiMyoDaw Facebook Page
ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက် က ထားဝယ်မြို့ကိုလေယာဉ်နဲ့ ရောက်ရှိလာချိန်မှာ မြို့ခံ ပြည်သူလူထု သိန်းနဲ့ချီပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ လာရောက်အားပေးတဲ့ ပြည်သူတွေကို မိန့်ခွန်း ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ပြင်သင့်တာတွေကို လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မောင်းမကန်ကမ်းခြေဘက်က ကျေးရွာတွေကိုလည်း သွားရောက်ခဲ့ပြီး လောင်းလုံမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးအတွက် စည်းရုံးဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ထားဝယ်မြို့က NLD ပါတီတိုင်းရုံး ဆိုင်းဘုတ်တင်အခမ်းအနားကိုလည်းဖွင့်လှစ် ပေးခဲ့ပါတယ်။
တနင်္သာရီတိုင်း ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီဥက္ကဌအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးနယ်စည်းရုံးရေးခရီးစဉ်လည်းဖြစ်ပါတယ်။

လွတ်လာတဲ့အလုပ်သမားရေးဆောင်ရွက်သူတွေကို ILO အရာရှိချုပ်တွေ့ဆုံ

2012-01-29
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။
AFP
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ဂေးရိုက်ဒါ ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လာရောက်တွေ့ဆုံခဲ့သည်။
အဲဒီ အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ ကိုကျော်ကျော်၊ ကိုညီညီဇော်၊ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်းတို့ဖြစ်ကြပြီး၊ သူတို့ဟာ ၂၀၀၇ ခုနှစ် မေလက ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မေဒေးနေ့ဟောပြောပွဲ ကျင်းပတဲ့ကိစ္စနဲ့ပတ်သက်လို့ ထောင်အနှစ် ၂၀ စီ ချမှတ်ခံခဲ့ရတာ ဖြစ်ပါ တယ်။
သူတို့ကို ILO ရုံးက ကျန်းမာရေးစစ်ဆေးရာမှာ အကူအညီပေးတယ်လို့ သွားရောက်တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ အလုပ်သမားသမဂ္ဂတွေပေါ်ပေါက်ရေးနဲ့အလုပ်သမားအခွင့်အရေးတွေ နားလည်အောင် ILO အကူအညီနဲ့ ပညာပေးဆွေးနွေးပွဲတွေဆောင်ရွက်ဖို့အစီအစဉ်ရှိတယ်လို့ လည်း ပြောပါတယ်။

လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်

2012-01-29
မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေက အာအက်ဖ်အေကို ပြောပါတယ်။
www.nldburma.org
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးသိပ္ပံ သင်တန်း။ (www.nldburma.org)
ခုလိုလျောက်လွာ လာတင်သူတွေဟာ ဥပဒေရေးရာ သိရှိသူတွေဖြစ်တာကြောင့် လာမယ့် ဧပြီ လ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှင်းလင်းနိုင်မယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဥပဒေပါ မဲရုံစောင့်၊ မဲရုံမှူးတို့ရဲ့ တာဝန်တွေ၊ လွတ်တော်ကိုယ်စလှယ်တွေရဲ့ ဆောင်ရန် ရှောင်ရန်ကိစ္စတွေစတဲ့ ဥပဒေအချက်အလက်တွေကို အများသိရှိနားလည်လာအောင် ရှင်းလင်းဟောပြောကြဖို့ကိုလည်း တာဝန်ပေးလိုက်အပ်တယ်လို့ ဦးမျိုးဆွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ

2012-01-29
သမ္မတ ဦးသိန်းစိန်နဲ့ မိသားစုဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကနေ စင်္ကာပူနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပါတယ်။
AFP
Burmese President Thein Sein (C) arrives in Indonesia's Bali island resort to attend an ASEAN summit, Nov. 16.
ပြီးခဲ့တဲ့ မတ်လ သမ္မတအဖြစ် အာဏာရယူပြီးကတည်းက စင်္ကာပူနိုင်ငံကို သမ္မတ ဦးသိန်းစိန် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက သမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး K Shanmugam နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က စင်္ကာပူ အစိုးရက နာဂစ်မုန်တိုင်းသင့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ကျေးရွာ ၂၅ အတွက် အ၀ီစိတွင်း တွေလှူဒါန်းခဲ့ပါတယ်။
စင်္ကာပူဟာ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗြိတိန် စတဲ့နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု နံပါတ် ၆ မြောက် နိုင်ငံဖြစ်ပြီး ၂၀၁၀-၁၀၁၁ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ဖိုး ရင်းနှီးမြှပ်နှံထားပါတယ်။

Sunday, January 29, 2012

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၂၉)ရက် ၂၀၁၂

ရှမ်းပြည်အခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ (၄) နယ်မြေ မော်ဟန် (Maw Han(Nawng Chu) ဒသတွင် မြန်မာအစိုးရ စစ်တပ် ခလရ(၄၅) တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၂၉) တပ်ဖွဲ့ ဝင် တို့  ဇန်န၀ါရီ(၂၈)ရက် မနက်(၇း၀၀) နာရီခန့် မှ (၈း၀၀) နာရီ အချိန်ခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ မန်မောင်(Man Mau) နှင့် မော်ရွှေ(Maw Swe) ကျေးရွာကြားတွင် ကေအိုင်အေ တပ်ရင်း(၈)မှတပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၅၀၁)တပ်ဖွဲ့ တို့ ဇန်န၀ါရီ(၂၈)ရက် မွန်းလွဲ (၁း၃၀)နာရီခန့် အချိန်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအား မသိရှိရသေးပါ။

Source (Kachinnet)

Thursday 26 January 2012

ကျန်ရှိ နိုင်/ကျဉ်းစာရင်း တိုးလာနိုင်ဖွယ်ရှိ၊ ဆက်လက်ပြုစုဆဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး စာရင်းအတိအကျ ရရှိရန် ဆက်လက် ပြုစုဆဲဖြစ်ကြောင်း နိုင်/ကျဉ်း အရေး ဆောင်ရွက်နေသော အဖွဲ့များက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ မလွှတ်မြောက်
သေးသည့် နိုင်ငံရေးအကျဉ်းသား ၉၁၈ ဦး ကျန်ရှိနေသေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စာရင်းအရ ၃၈၈ ဦး ကျန်ရှိနေသေးသည်ဟု သိရသည်။

“အခုပြန်စစ်ကြည့်လိုက်တဲ့ အခါကျတော့ တချို့ကလည်း လွှတ်လာတာရှိတယ်၊ တချို့ကလည်း ရဲလက် အပ်လိုက်တာ ရှိတယ်။ တချို့ကလည်း စစ်တပ်က ခေါ်ထုတ်သွားတာ ရှိတယ်။ အဲဒီတော့ စာရင်းလုပ်ရတာ တော်တော်ခက်တယ်။
သေချာတဲ့ သတင်းတွေကို ပြန်ကြည့်လိုက်တော့ မလွှတ်မြောက်ဘဲ ကျန်နေတာ ၉၀၀ ကျော် ရှိတယ်” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က မဇ္ဈိမကို ပြောသည်။
inseinfont4
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး စာရင်းအတိအကျ ရရှိရန် ဆက်လက် ပြုစုဆဲဖြစ်ကြောင်း နိုင်/ကျဉ်း အရေး ဆောင်ရွက်နေသော အဖွဲ့များက ပြော (ဓါတ်ပုံ မဇ္ဈိမ)

NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်၏ အဆိုအရ၊ ယခုချိန်ထိ အတည်ပြုချက်များ ရယူစုဆောင်းနေရဆဲဖြစ်ပြီး အရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

“ကျနော်တို့ စာရင်းအရတော့ဗျာ ၅၉၁ ယောက်မှာ အခု ဖိုင်နယ်စာရင်းစစ်ပြီးတော့ ၃ဝ၃ ယောက် လွတ်တယ်။ NLD ပါတီဝင် ဘယ်လောက် ပါတယ်ဆိုတာ စစ်ဆေးတုန်း ရှိပါသေးတယ်။ ထောင်ကလွှတ်လာတဲ့ လူတွေကို အခြေခံ
ပြီးတော့ သူတို့ရဲ့ပြောပြချက်တွေ၊ သူတို့ရဲ့ ရီပို့လုပ်ချက်တွေနဲ့ ကျနော်တို့ အသစ်ပြန်ပြီး ပြုစုနေပြီ” ဟု ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံအဝှမ်း အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၆၅၁ ဦး လွှတ်ပေးခဲ့သည်။

နေပြည်တော်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို က “အကျဉ်းထောင်တွေထဲမှာ ရှိတာတွေကတော့ ပြစ်မှုနဲ့ အရေးယူခံထားရတဲ့သူတွေပဲ ရှိပါတယ်။ အဖမ်းခံရတဲ့ သံဃာတွေ ရှိတယ်ဆိုရင်တော့ ကျနော်တို့ကို အတိအကျ ပေးပါ” ဟု ပြောဆိုခဲ့သည်။

AAPP ကမူ နိုင်ငံရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသည့် ပြစ်ဒဏ်ကျ အကျဉ်းသားများအား နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ဦးတိတ်နိုင် က ပြောသည်။

“နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို အခြားပုဒ်မတွေနဲ့ စွဲချက်တင်ပြီး အရေးယူထားတာ တွေရှိတယ်။ ဘိန်းမှုတို့၊ အလွှဲသုံးစားမှုတို့၊ လောင်းကစားမှုတို့ အဲလိုမျိုး အခြားအမှုတွေနဲ့ စွဲချက်တင်ပြီး ထောင်ချထားတာတွေ ရှိတယ်။
နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ထောင်ချလို့ဘဲဖြစ်ဖြစ်၊ လှုပ်ရှားလို့ဘဲဖြစ်ဖြစ်၊ အားပေးလို့ဘဲဖြစ်ဖြစ် အဲလိုမျိုးစွပ်စွဲခံရပြီး ဖမ်းဆီးခံရတယ်ဆိုလို့ရှိရင် ကျနော်တို့က နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ပါတယ်” ဟု သူက ပြောသည်။

ထို့ပြင် NLD ကလည်း မတရားသင်းဥပဒေ အပါအဝင် ဖောက်ခွဲရေးမှုများဖြင့် စွပ်စွဲခံရပြီး ပြစ်ဒဏ်ကျခံနေရသူများလည်း
နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

“ဖောက်ခွဲတယ်လို့ စွပ်စွဲခံရသူတွေ၊ ဘုန်းကြီးအရေးအခင်းတုန်းက ပါဝင်ခဲ့တဲ့သူတွေ ၁၇ (၁)၊ ၁၇ (၂) တောင်ငူဘက်မှာ ဖမ်းခံရသူတွေ၊ နောက်ကျနော်တို့ ၅ (ည) ဘာညာနဲ့ အစွဲခံရတဲ့ အရေးပေါ် အက်ဥပဒေပုဒ်မ၊ နောက် ၅၀၅ နိုင်ငံတော် ကို အကြည်အညိုပျက်အောင် လုပ်တာ၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က ထည့်ပါတယ်။ နောက် အားပေး ကူညီတယ် ဆိုပြီး ဖမ်းတာတွေရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားထဲ ထည့်ပါတယ်” ဟုဆိုသည်။

Tuesday 24 January 2012

တမူးမြို့ဆိုင်ကယ် မတော်တဆ တိုက်မှု နှစ်ဦး သေဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နှင့် နန့်ဖာလုံကျေးရွာအကြားတွင် တနင်္လာနေ့ ည ၈ နာရီခန့်က မော်တော်ဆိုင်ကယ်နှစ်စီး မတော်တဆ တိုက်မှုကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

မြို့အထွက် တံတားအကျော် ‘အောက်လမ်းမကြီး’ပေါ်တွင် ဖြစ်ပွားခဲ့ပြီး မောင်းနှင်လာသူ တဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တဖက်ဆိုင်ကယ်အား မောင်းနှင်လာသူ နောက်တဦးမှာ တမူးမြို့နယ်ဆေးရုံတွင် အင်္ဂါနေ့ နေ့လည်ပိုင်းက သေဆုံးသွားခြင်းဖြစ်သည်။

“ဆိုင်ကယ် ဆိုင်ကယ်ချင်း တိုက်တာ။ တဘက်ကလည်း နှစ်ယောက်၊ သူကလည်း နှစ်ယောက်။ အခု ရင်ခွဲပြီး
ဆေးစစ်ချက် ယူနေတယ်။ ရဲက အရေးယူမှာ။ ယာဉ်တိုက်မှုတွေ ဖြစ်တာတော့ ခဏခဏဖြစ်တယ်။ လူအသေအပျောက်တွေ ရှိတယ်” ဟု တမူးမြို့ ဆေးရုံသို့ သွားရောက်ကြည့်ရှုသည့် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ကိုဝင်း က မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားသူမှာ တမူးမြို့ ဈေးတန်းရပ်မှ အသက် ၂၈ နှစ် အရွယ်ရှိ ကိုလျှန်ခိုပေါင် ဆိုသူဖြစ်ကြောင်း သိရသည်။

ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ အသက် ၃ဝ ခန့်ရှိ အမျိုးသမီး နှစ်ဦးမှာ တမူးမြို့ဆေးရုံ အရေးပေါ်ဌာနတွင် အတွင်းလူနာ အဖြစ် စောင့်ရှောက်ခံထားရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာနှင့် တမူးမြို့ဆေးရုံသည် ၄ ကီလိုမီတာခန့် အကွာတွင် ရှိသော်လည်း ဆေးရုံသို့ ည ၉ နာရီ မှသာ ထော်လာဂျီဖြင့် ဒေသခံများက တွေ့ရှိတင်ပို့နိုင်သည်ဟု ဆိုသည်။

မန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် အိန္ဒိယရောက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် လေးရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိသည်။

အင်္ဂါနေ့တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်သျှနာ S. M. Krishna နှင့် ဆွေးနွေးရန်ရှိပြီး မေလဆန်းပိုင်း အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း ၏ ခရီးစဉ်အတွက် ကြိုတင် ညှိနှိုင်းကြမည် ဖြစ်သည်။

ဝန်ကြီး၏ ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် နယူးဒေလီရှိ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ ICWA တွင် “ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံတခု” ခေါင်းစဉ်ဖြင့် ဟောပြောရန် စီစဉ်ထားကြောင်း သိရသည်။
ICWA မှာ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံခြားရေးရာ ကိစ္စများအတွက် အလေးထားရသော ဌာနကြီးတခု ဖြစ်သည်။

အိန္ဒိယ ဝန်ကြီးချုပ်မှာ မြန်မာနိုင်ငံ နေပြည်တော်တွင် လက်ခံကျင်းပမည့် BIMSTEC ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဖြစ်သည်။

နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ်အတွင်း တိုးမြှင့်လာခဲ့ပြီး စစ်သုံးပစ္စည်းများ၊ သင်တန်းများ၊ စီပွားရေးဖွံ့ဖြိုးမှုနှင့် နယ်စပ်အရေးကိစ္စများ အပါအဝင် သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

၂၀၁၁ နိုဝင်္ဘာလအတွင်းက မြန်မာသမ္မတ ဦးသိန်းစိန် လာရောက်စဉ် နှစ်နိုင်ငံ “အကြမ်းဖက်မှု မှန်သမျှအား ပြတ်ပြတ် သားသားနှင့် မစေ့စပ်စတမ်း ဆန့်ကျင်သွားရန်နှင့် ပုန်ကန်ခြားနားမှုနှင့် အကြမ်းဖက်မှု အန္တရာယ်အား ကိုင်တွယ်ဖြေရှင်း ဖို့ နှစ်နိုင်ငံ လုံခြုံရေးတပ်များ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်”တို့ကို ထပ်လောင်း အတည်ပြုခဲ့ကြ သည်။

Thursday 19 January 2012

MIZZIMA NEW

နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ပအခြေစိုက် ဒီမိုကရေစီ
နိုင်ငံရေးအင်အားစုများနှင့် ဖေဖော်ဝါရီ ပထမပါတ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ကြာသာပတေးနေ့တွင် အကျိုးဆောင်များမှတဆင့် ကမ်းလှမ်းလာသည်ဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြောသည်။

အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလတချို့ပါဝင်သည့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု-FDB နှင့် တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS နှင့် ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ကို ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့မှ တဆင့်
နှုတ်ဖြင့် သီးသန့်စီ ဖိတ်ကြားလာကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

“FDB နဲ့ DPNS ကို အလွတ်သဘောဆွေးနွေးနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းတယ်လို့ ပြောပါဆိုပြီး ကြားတယ်။
ဖေဖော်ဝါရီ ပထမပါတ် ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ ကိုကျော်ရင်လှိုင် ဖုံးခေါ် တယ်။ ကျနော် တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ၊ FDB က ခေါ်ချင်တဲ့လူ ခေါ်လာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
drnaingaung
FDB တပ်ပေါင်းစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် (ဓါတ်ပုံ FDB)

FDB တပ်ပေါင်းစု အဖွဲ့ဝင် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးအင်အားစု-NDD ဒါရိုက်တာလည်း ဖြစ်သူ
ဒေါက်တာနိုင်အောင်က သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များကို အကြောင်းကြားထားပြီး ဇန်နဝါရီ တတိယပါတ် အတွင်း ဆွေးနွေးပြီးမှ တရားဝင်ပြန်ကြားမည်ဟု ဆိုသည်။

FDB တပ်ပေါင်းစုကို ၂ဝဝ၄ ခု နှစ်ဆန်းပိုင်းတွင် “ကောင်းမွန်သော အစိုးရ အုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုရရှိရေး တို့ကို အုတ်မြစ်ချနိုင်မည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတခု ပေါ်ထွန်း လာရေး” အတွက် ၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုအား စစ်တပ်က နှိမ်နင်းပြီးနောက် နယ်စပ်သို့ ထွက်လာသူများ ပါဝင်သည့် အဖွဲ့ ၇ ဖွဲ့ဖြင့် အဓိကထား ဖွဲ့စည်းခဲ့သည်။

ဒေါက်တာကျော်ရင်လှိုင်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ကိုလည်း တနေ့ထဲတွင် ဖုံးဆက်ကြောင်းကြားခြင်းဖြစ်ပြီး ပါတီအစည်းအဝေး ခေါ်ရန် စီစဉ်နေသည်ဟု သိရ သည်။

ဦးအောင်မိုးဇော်က “ဝန်ကြီးဦးအောင်မင်းလာတဲ့အချိန်မှာ တွေ့ဖို့ပေါ့ဗျာ။ ရက်အတိအကျတော့ နောက်မှ အကြောင်းကြားမယ်ပြောတယ်။ တွေ့တာတော့ ကောင်းပါတယ်။ အသေးစိတ်တော့ ကျနော်တို့ ဒီရက်ပိုင်း အတွင်း ဗဟိုကော်မတီ အစည်းအဝေး ထိုင်ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ အကျိုးဆောင် ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ထိုင်းအခြေစိုက် ဦးညိုအုန်းမြင့်မှ တဆင့် ဖိတ်ကြားခဲ့သေးသည်။

“အကျိုးဆောင် ဦးလှမောင်ရွှေမှတဆင့် သူတို့နှစ်ဖွဲ့ကို ဝန်ကြီးက တရားဝင် တွေ့ချင်ပါတယ်။ နောက်လဆန်း မှာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ တွေ့ဖို့ အစီအစဉ်လုပ်ပေးပါဆိုပြီးတော့ ပြောတဲ့အတွက် ကျနော်က pass လုပ်ပေးတော့ ဦးအောင်မိုးဇော်တို့ဘာတို့ကလည်း လက်ခံပါတယ်” ဟု ဦးညိုအုန်းမြင့်က မဇ္ဈိမကိုပြောသည်။
Uaungmoezaw
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော် (ဓါတ်ပုံ FDB)

၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုကာလအတွင်း ပြည်တွင်း၌ ပေါက်ဖွားလာသည့် DPNS သည် ၁၉၉ဝ ခု ရွေးကောက်ပွဲ ကာလတွင် ပါတီဝင် တသိန်းခန့်ရှိပြီး ၁၉၉၁ ခု ဇန်နာဝါရီလတွင် ပါတီခေါင်းဆောင်တချို့ နယ်စပ်သို့ ထွက်ခွာ လာခဲ့ပြီးနောက် ဖျက်သိမ်းခံခဲ့ရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များက ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လာကြရန် ဖိတ်ခေါ်
နေသော်လည်း နိုင်ငံရေးရည်မှန်းချက်ဖြင့် ရောက်နေသူများအတွက် တိကျသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ရန် လိုအပ်နေသည်ဟု ထောက်ပြသည်။

“အခုဟာက ခေါ်တယ်သာပြောတာလေ။ လက်တွေ့ကျကျ ဘယ်လိုအချက်အလက်တွေ၊ တိတိကျကျ သဘောထား
ရော၊ နှစ်ခုလုံး ဆောင်ရွက်တာ ကောင်းတယ်လို့ထင်တယ်။ ကိုမင်းကိုနိုင် ပြောသလိုပါပဲဗျာ လမ်းကြုံလို့ ပြောတာမျိုး မဖြစ်သင့်ဘူးလေ” ဟု ဦးအောင်မိုးဇော်က ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလ ၁၂ ရက်နေ့ကလည်း ဦးလှမောင်ရွှေ ဆက်သွယ်ပေး၍ ဦးအောင်မင်းနှင့် မဲဆောက်မြို့တွင်
တွေ့ဆုံခဲ့ဖူးကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

ထိုစဉ်က ၎င်းအနေနှင့် ဦးအောင်မင်းအား အချက် လေးချက် ဆွေးနွေးခဲ့ရာ “မြန်မာပြည် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို နိုင်ငံရေး ဆွေးနွေးပွဲဖြင့် အားလုံးသဘောတူ
ဖော်ထုတ်သင့်ကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဖြစ်ကြသည့် ကရင် KNU၊ ရှမ်း SSA-S၊ ချင်း CNF၊ ဝ’ UWSA၊ မိုင်းလား စသည့် လက်နက်ကိုင် ၅ ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူပြီးနောက် ဒီမိုကရေစီ အင်အားစုများကို ပထမဆုံးအကြိမ် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံရန် စီစဉ်နေမှုတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ မွန်ပြည်သစ် ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PPLO၊ ဝ’ အမျိုးသားအဖွဲ့ တို့နှင့်လည်း အပစ်ရပ်ရေးကိစ္စများ
လည်း သီးသန့်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။

MIZZIMA NEW

အဖျက်သိမ်းခံ တိုင်းရင်းသား ပါတီကြီး လေးခု မှတ်ပုံတင်ရန်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။   ။ ၁၉၉၀ ရွေးကောက်ပွဲတွင် ထင်ရှားသည့် တိုင်းရင်းသား ပါတီကြီး လေးခုက လူထုအရေးကို တရားဝင် လုပ်ဆောင်နိုင်ကြဖို့အတွက် ပြန်လည် မှတ်ပုံတင်ရန် စီစဉ်နေကြကြောင်း ၎င်းပါတီများ၏ တာဝန်ရှိသူများ က ပြောသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် MNDF နှင့် ဇိုမီး အမျိုးသား ကွန်ကရက် ZNC တို့က ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်း၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက တညီတည်း ပြောဆိုကြသည်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်သည့် SNLD ပါတီမှာ ၂၀၁၀ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ခဲ့ရပြီး ကျန်ပါတီ သုံးခုမှာ ၁၉၉၃ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွှန့် လက်ထက်ကတည်းက ဖျက်သိမ်း ခံထားရသည့် ပါတီများ ဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ကန့်ကွက်ခဲ့ကြပြီး မှတ်ပုံမတင်ဘဲ နေခဲ့ကြသည့် ပါတီများ ဖြစ်သည်။

“ပထမ ဦးစားပေး အနေနဲ့ မှတ်ပုံတင်ဖို့ ကိစ္စနဲ့ ဥက္ကဌ (ဦးခွန်ထွန်းဦး) နဲ့ အတွင်းရေးမှူး (ဦးစိုင်းညွှန့်တင်) တို့ရဲ့ ကျန်းမာရေး ကိစ္စတွေကို လုံးပန်းနေပါတယ်။ လောလောဆယ်တော့ ပါတီ ဗဟိုဦးစီး အစည်းအဝေး လုပ်နေပါတယ်။ တင်ဖြစ်ဖို့ အလားအလာ များပါတယ်” SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်အရွေးခံရန် မသေချာသေးဟု ဆိုသည်။

SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့ကာ တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး ရရှိသည့် ပါတီအဖြစ် ရပ်တည်ခဲ့သည်။

တတိယ မဲအများဆုံး ရရှိထားသည့် ရခိုင် ALD က ဖေဖေါ်ဝါရီလဆန်းတွင် မှတ်ပုံတင်မည်ဖြစ်ပြီး ကြားဖြတ်
ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာ မဟုတ်သေးဘဲ အမျိုးသားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လယ်သမား အရေးများကို လုပ်ဆောင်သွားဖို့ရှိကြောင်း ALD ခေါင်းဆောင်  ဦးအေးသာအောင် က ပြောသည်။

“အစိုးရကလည်း ရွေးကောက်ပွဲ အချက်တချို့  ပြင်ပေးတယ်။ နောက် ကျနော်တို့ ပြောတောင်းဆိုနေတဲ့ ဦးခွန်ထွန်းဦး တို့လို့ မင်းကိုနိုင်တို့လို နိုင်ငံရေး အင်အားစုတွေလည်း လွတ်မြောက်လာပြီ ဆိုတော့ ပါတီ မှတ်ပုံတင်ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ မွန် MNDF နှင့် ဇိုမီး ZNC တို့ကလည်း ဖေဖေါ်ဝါရီလ သို့မဟုတ် ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ပါတီ မှတ်ပုံတင်ကြရန် စီစဉ်နေကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။

“ဒီလထဲမှာ ဦးခွန်ထွန်းဦး အပါအဝင် ကျနော်တို့ တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ရှိတယ်။ ဒါပြီးရင်တော့ မှတ်ပုံတင်ဖို့ ရှိတယ်။ လတ်တလော အနေအထားတွေအရ ကြားဖြတ်ကိုတော့ ဝင်ပြီးပြိုင်ဖြစ်ဖို့ နည်းပါတယ်” ဟု MNDF ဒုဥက္ကဋ္ဌ နိုင်ငွေသိမ်း က မဇ္ဈိမကို ပြောသည်။

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ကို ၁၉၈၈ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရရှိခဲ့သည်။

ZNC  ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် က “ပါတီက အဖွဲ့ဝင်တွေနဲ့တော့ အစည်းအဝေးတွေ မလုပ်ရသေးဘူး။ သူတို့ဆီက လာတဲ့ အသံတွေအရပဲ ပြောရတာ။ တရားဝင်လုပ်ကိုင်ခွင့် အခွင့်အရေးကို ရဖို့ဆိုတော့ သူတို့အားလုံး သဘောတူ လိမ့်မယ်ထင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ဦးခွန်ထွန်းဦး နေအိမ်တွင် ၉၀ ရွေးကောက်ပွဲဝင် အမတ်များ စုပေါင်းတွေ့ဆုံပွဲ ပြုလုပ် ခဲ့ရာတွင် ဦးခွန်ထွန်ဦးက နိုင်ငံရေးအရ တရားဝင် လုပ်ကိုင်နိုင်ရန်အတွက် ပါတီမှတ်ပုံတင်ရန် အကြံပြုသည်။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ ၁၁ ပါတီဖြင့် စုပေါင်းထားသော စည်းလုံး ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးကြရန် ရှိကြောင်း သိရသည်။

မှတ်ပုံတင်ရန် ပြင်ဆင်နေကြသည့် ပါတီများကို လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေအရ UNA နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များအနေဖြင့် ကန့်ကွက်လိမ့်မည် မဟုတ်ဟု ယူဆနေကြသည်။

Wednesday 18 January 2012

နေပြည်တော် နှစ်နေရာအတွက် ၈၈ နှင့် ဟစ်ဟော့အဆိုတော်ကို NLD ရွေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း နောက်ဆုံး
ရွေးချယ်မှုတွင် သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင် ၈၈ မျိုးဆက်ကျောင်းသူ မစန္ဒာမင်းနှင့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနိုင်ရခဲ့သည့် ပုဗ္ဗသီရိမြို့နယ်တွင် ဟစ်ဟော့အဆိုတော်
ဇေယျာသော်တို့က ဝင်ရောက်အရွေးခံမည်ဟု သိရသည်။

အသက် ၄ဝ ခန့်ရှိ မစန္ဒာမင်း (ခ) ရွှီး မှာ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး မတရားသင်းနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုတို့ဖြင့်ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ ဇန်နဝါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံမည့် ဟစ်ဟော့ အဆိုတော် ဇေယျာသော် (ခ) ဖြိုးဇေယျာသော်မှာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကို တည်ထောင်သူတဦးဖြစ်ပြီး ၂ဝဝ၈ ခုနှစ်အတွင်းက မတရားအသင်းထူထောင်မူ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရပြီး ၂ဝ၁၁ မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ တဦး ဖြစ်သည်။
ZYT1
အသက် ၃၁ နှစ်ရှိ ဇေယျာသော်က အကောင်းဆုံးဖြစ်ရန် ပြင်ဆင်ထားသော်လည်း နိုင်ငံရေးနှင့် ပတ်သက်၍
လေ့လာရန် များနေသေးသည်ဟု မဇ္ဈိမကို ပြောသည်။

"လွတ်လပ်ရေးရအောင် ကြိုးပမ်းစဉ်ကတည်းကိုက ခေါင်းဆောင်တွေကလည်း နိုင်ငံရေးကို လုပ်ရင်းကိုင်ရင်းကနေ
လေ့လာသင်ယူသွားကြရတာပါ။ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့တော့ ကျနော့်မှာ ကြိုးစားစရာတွေ လေ့လာစရာ
တွေ အများကြီး ရှိပါသေးတယ်" ဟုပြောသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာပြည့် ၄၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီသည် ယခုလ ၁၂ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ယင်းတို့ပါတီမှ ကိုယ်စားလှယ်လောင်း ၄၄ ဦးကို ရွေးချယ်ကြေညာပြီး
ဖြစ်သည်။

ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်လောင်း လေးနေရာအတွက် ဗုဒ္ဓဟူးနေ့တွင် ထပ်မံရွေးချယ်ရာ အထက်ပါ သမ္မတ နှစ်ဦး၏ လစ်လပ်နေရာများအပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ်မှ အနိုင်ရခဲ့သူ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် မဲဆန္ဒနယ်တွင် NLD လူငယ် ကိုနိုင်ငံလင်းက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကိုနိုင်ငံလင်းမှာ အသက် ၂၈ နှစ်ခန့်ရှိပြီဖြစ်ပြီး ၂ဝဝ၉ ခုနှစ် ဇွန်လအတွင်း ရန်ကုန်ကျောက်မြောင်းရှိ အင်တာနက် ဆိုင်တွင် ကွန်ပျူတာအသုံးပြုနေစဉ် အဖမ်းခံခဲ့ရပြီး အောင်သပြေစစ်ကြောရေး စခန်း၌ နှစ်လကျော်ကြာ စစ်ဆေးခံ ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူဟုလည်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၁၂ ရက်နေ့က ရာထူးမှ အနားပေးခြင်းခံရသူ သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင်၏ မဲဆန္ဒနယ် ဥတ္တရသီရိမြို့နယ်တွင် အသက် ၅ဝ အရွယ်ရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှ ဦးမင်းသူ ဝင်ရောက် အရွေးခံမည်
ဖြစ်သည်။

မန္တလေးတက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူ ဦးမင်းသူသည် ၂ဝဝ၇ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အစိုးရကို အကြည်ညို ပျက်စေမှု၊ တာဝန် ဝတ္တရား နှောင့်ယှက်မှု၊ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျခံနေရာမှ ယခုလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗုဒ္ဓဟူးနေ့တွင် သံလျင်မြို့နယ်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ကာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းပြီးဖြစ်သည်ဟု သိရသည်။ NLD ကိုယ်စားလှယ်လောင်း ၄၈ ဦးတွင် အမျိုးသမီး ၁၃ ဦးပါဝင်သည်။

Tuesday 17 January 2012

MIZZIMA NEW

“ရွှေဂက်စ်က ထွက်တဲ့ လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်”

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(ရခိုင်ပြည် ၂၄ နာရီ မီးလင်းရေး ဦးဆောင်လှုပ်ရှားသူ မမာမာကျော်ဇော နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ရေးအတွက် သမ္မတ ဦးသိန်စိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့ထံ အိတ်ဖွင့်ပေးစာ တစောင်ကို ရက္ခအလင်းတန်းအဖွဲ့မှ ဇန်နဝါရီ ၁၆ ရက်နေ့က ပေးပို့ခဲ့သည်။ မီးလင်းရေး လှုပ်ရှားမှုတခုကို ထိုနေ့ မနက်ပိုင်းတွင် ရခိုင်ကျောင်းသား လူငယ်များက စတင်ပြုလုပ်ခဲ့သည်။

ရခိုင်ကမ်းလွန်ဒေသ ရွှေဂက်စ် သဘာဝဓါတ်ငွေ့မှ ထွက်ရှိသည့်စွမ်းအင်များမှ ရခိုင်ပြည်နယ်တွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့် မီတာခ သက်သက်သာသာဖြင့် သုံးစွဲခွင့် ရရှိရေး တောင်းဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့များ ရခိုင်ပြည်နယ်အတွက်လည်း အသုံးချရေးအတွက် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ တင်ပြခဲ့သော်လည်း နှစ်ကြိမ်တိုင်တိုင် ပယ်ချခြင်းခံခဲ့ရသည်။

ရက္ခအလင်းတန်းအဖွဲ့ လျှပ်စစ်မီးလင်းရေး လှုပ်ရှားမှုတွင် ဦးဆောင်လှုပ်ရှားခဲ့သူ တဦးဖြစ်သည့် မမာမာကျော်ဇော အား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

rightforlight
ဘယ်အချိန်မှာ campaign ကို စတင်တာလည်းခင်ဗျ။

မနေ့က ညနေက စတယ်ရှင့်။ sticker campaign ရယ်၊ T- Shirt ဝတ်တဲ့ campaign ရယ်ပေါ့။ ပြီးတော့ ဝန်ကြီးနဲ့ သမ္မတကိုပေးတဲ့ အိတ်ဖွင့်ပေးစာ။

ဘယ်နေရာတွေမှာ လုပ်တာလဲခင်ဗျ။

မြောက်ဦးမှာ ည ၁၁ နာရီလောက်မှာ စတစ်ကာ လိုက်ကပ်တယ်။ ၁ နာရီလောက်မှာ သူတို့ လိုက်ခွာတာ
တွေ့ရတယ်ရှင့်။ တဘက်က ခွာနေချိန်မှာ တဘက်က တမြို့လုံး အနှံ့ လိုက်ကပ်တယ်ရှင့်။ စစ်တွေမှာလည်း လုပ်ပါတယ်ရှင့်။

အိတ်ဖွင့်ပေးစာကို သမ္မတနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ဖက်စ်နဲ့ ပို့လိုက်တယ်။ မြို့ခံလူတွေ အကုန်လုံးကို အိတ်ဖွင့်
ပေးစာတွေ ဝေတယ်ရှင့်။ ပြီးတော့ T-Shirt တွေ အကုန်လုံး လိုက်ပြီးတော့ ဝေတယ်ရှင့်။ အခုလည်း အဲဒီ အင်္ကျီကို မချွတ်ကြဘူး။ သူတို့ တနေကုန် ဝတ်ကြတယ်။

အနှောက်အယှက် ရှိသလားခင်ဗျ။

အခုအချိန်ထိတော့ ကျနော်တို့လူတွေကို ကိုယ်ထိလက်ရောက် လိုက်နှောက်ယှက်တာတော့ မရှိသေးဘူးရှင့်။

ရက္ခအလင်းတန်းအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားလဲခင်ဗျ။

ရက္ခအလင်းတန်း အနေနဲ့ ကျောင်းသား တက္ကသိုလ်ကျောင်းသားလည်း ပါတယ်။ တခြား အလုပ်လုပ်နေသူတွေ လည်း ပါတယ်ရှင့်။

တနေ့တာ လျှပ်စစ်မီးသုံးစွဲနိုင်ချိန် ဘယ်လောက်ရှိသလဲခင်ဗျ။

မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) နောက်ပိုင်းမှာဆိုလို့ရှိရင် ကျနော်တို့ဆီမှာ မီးဆိုတာ လာရုံလောက်ပဲပေါ့။ တနေ့ခြားလာတာ ရှိတယ်။ ထူးခြားတာ တခုကတော့ မီးတချက် ပွင့်လာတယ်ဆိုလို့ရှိရင် တမြို့လုံးကို အသံတွေ ဆူသွားတယ်ရှင့်။ လက်ခုပ်လက်ဝါး တီးပြီး သြဘာပေးတယ်ရှင့်။ လျှပ်စစ်မီးကို ကြိုဆိုကြတဲ့အသံပေါ့၊ ညနေ ၇ နာ၇ီလောက် မီးလာပြီး ည ၉ နာရီ၊ ၁ဝ နာရီလောက် မီးပျက်ရင် ပျက်တယ်။ မီးအားနည်းတဲ့အတွက် ဘာမှကို သုံးစားလို့ မရဘူး။ အဲလိုအခြေအနေရှိတဲ့အတွက် ကျနော်တို့ ၂၄ နာရီ မီးရှိရေးကို တော်တော့်ကို တောင့်တ
နေကြတယ်ရှင့်။ ၂ဝ၁ဝ ခုနှစ်ကဆိုလို့ရှိရင် ကျနော်တို့ အိမ်ထောင်ရှင် အမျိုးသမီးတွေက လမ်းပေါ်ထွက်ပြီး ၂၄ နာရီ မီးရရှိရေးကို တောင်းဆိုခဲ့တယ်။

rightforlight1

မြောက်ဦးမြို့မှာ ပုဂ္ဂလိက မီးပေးစက်တွေနဲ့ ၂၄ နာရီ မီးပေးလာခဲ့တယ်။ ဒါပေမယ့် အဲဒီမီး၊ မီတာခက တမိနစ်ကို ၄၄ဝ နှုန်း ကောက်တယ်ဆိုတော့ ကျနော်တို့ မီတာခကို မပေးနိုင်ကြဘူးရှင့်။

အဲဒီအတွက် ကျနော်တို့ အမျိုးသမီးတွေ ၂၄ နာရီ မီးရရှိရေး တောင်းဆိုလိုက်တဲ့ အချိန်မှာ မီတာခက ၂၅ဝ အထိ လျော့ကျသွားတယ်။ ပုဂ္ဂလိက ပေးတဲ့အတွက် ၂၄ နာရီ ရနေခဲ့တယ်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှာ မီတာခက ၄၆ဝ ကို ပြန်တက်သွားတယ်ရှင့်။ ဒါပေမယ့် ဒီနေ့လုပ်တဲ့ campaign မှာ ရွှေဂက်စ်က ထွက်တဲ့ စွမ်းအင်ကို သုံးစွဲခွင့်ရရှိဖို့အပြင် မီတာခကို ဈေးသက်သက်သာသာနဲ့ သုံးစွဲခွင့်ရရှိရေးပါ ပါဝင်တယ်ရှင့်။

ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို သိပါရစေခင်ဗျ။

ပြည်သူလူထု အကုန်လုံးက ဒီဟာကို အားထားနေကြတာရှင့်။ တခြား campaign နဲ့ မတူဘူးရှင့်။ ရခိုင်ပြည်နယ် တခုလုံးကလည်း ဒီလျှပ်စစ်မီးရရှိရေးကိုပဲ လုံးပမ်းနေရတာရှင့်။ ရခိုင်ပြည်မှာရှိတဲ့ လူတွေဟာ လက်လုပ်လက်စား ဆင်းရဲသားများတယ်ရှင့်။ အဲဒါကြောင့် ရွှေဂက်စ်က ထွက်တဲ့လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်။ ပြည်သူတွေ အကုန်ပါတယ်ရှင့်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ပါတီတွေက  campaign ကို ပူးပေါင်းသလားခင်ဗျ။

၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ မှာ campaign ကို အကြီးအကျယ် လုပ်မယ်လို့ စီစဉ်တုန်းက သတင်းပေါက်သွားလို့ ရဲကနေ တားဆီးတာ ခံခဲ့ရဖူးတယ်။ ပါတီထဲက RNDP ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီပေါ့၊ သူတို့အနေနဲ့ ရှေ့ကနေ
ပြီး ဦးဆောင်ပြီး မပါဝင်နိုင်ရင်တောင်မှ ရခိုင်တမျိုးသားလုံး ရပိုင်ခွင့်မို့ သူတို့အနေနဲ့ အားပေးတယ်ဆိုတဲ့ စကားကို ပြောဆိုခဲ့တယ်။ ပြီးတော့ ဒီလုပ်ရပ်ဟာ ရခိုင်ပြည်သူတွေ တင်မကဘူး မြန်မာနိုင်ငံ တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုလည်း ရခိုင်ပြည်သူတွေက ခံယူထားတယ်ရှင့်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သမ္မတက တောင်းဆိုချက်တွေကို ဖြည့်ဆည်း ပေးမယ်လို့ မျှော်လင့်သလား ခင်ဗျ။

မျှော်လင့်တယ်ရှင့်။ ဘယ်လောက်အထိမျှော်လင့်သလဲဆိုရင် အဆိုးဆုံး အခြေအနေ ကနေပြီးတော့၊ အခု ၁ဝ ရာခိုင်နှုန်း သုံးစွဲခွင့် ပေးမယ်ဆိုပြီး လိုက်လျောခဲ့တာ ရှိတယ်လေ။ အခုလို ဆက်ပြီး တောင်းဆိုလာကြတယ် ဆိုလို့ရှိရင် သူတို့အနေနဲ့ အကောင်းဆုံး လုပ်ပေးမယ်လို့ ယူဆတယ်။ အကောင်းဆုံးအခြေအနေ ဖြစ်လာလိမ့်လို့ ယူဆထားပါတယ်။

MIZZIMA NEW

"အခုမှ နိုင်ငံရေး လုပ်ခွင့်ရတာ" လို့ ဒေါ်ဖြူဖြူသင်း ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၄ ဦးကို ထုတ်ပြန်ပြီးဖြစ်ရာ ထိုအထဲတွင် အမျိုးသမီး ၁၂ ဦး ပါဝင်သည်။

HIV ပိုး ကူးစက်ခံထားရသူများကို အကူအညီပေးနေသူ ဒေါ်ဖြူဖြူသင်းလည်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

NLD သည် စတင် တည်ထောင်စဉ်ကတည်းက အာဏာပိုင်တို့၏ ဖိနှိပ်မှုအမျိုးမျိုးကိုခံခဲ့ရပြီး ယခုအချိန်တွင်
နိုင်ငံရေးလုပ်ခွင့် ရရှိလာပြီဖြစ်ခြင်းကြောင့် နိုင်ငံရေးလောကတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ လိုအပ်ချက် များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးရန် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု မဇ္ဈိမ၏ အမေးကို ဖြေကြားသည်။

အသက် ၄ဝ ခန့်ရှိ မဖြူဖြူသင်းသည် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။

ဒေါ်ဖြူဖြူသင်းနှင့် ပတ်သက်၍ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဖြူဖြူက တကယ်ပဲ ပြည်သူ့အကျိုး ထမ်းဆောင်ချင်တဲ့စိတ် ရှိရုံမကဘူး၊ ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတယ် ဆိုတာကို သက်သေနဲ့ကို ပြနိုင်လို့ ကျမတို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။" ဟု အင်္ဂါနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲတွင် ပြောဆို သွားသည်။

မဖြူဖြူသင်းကို ရွေးကောက်ပွဲဝင်ဖြစ်ပုံ၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများ စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားခြင်း ဖြစ်သည်။

phyuphyuthin
အခုဆိုရင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် NLD က အတည်ပြုလိုက်ပြီဆိုတော့
အောင်နိုင်ရေး အတွက် ဘာတွေ လုပ်နေပါသလဲ။


"အခုကတော့ ပြင်ထားတာကတော့ နှစ်ပိုင်းရှိတယ်။ မြို့နယ်အလိုက် တိုင်းအလိုက် ပြင်ဆင်ထားကြပါတယ်။ အစည်းအဝေးတွေ လုပ်ကြတယ်ပေါ့။ အခုလောလောဆယ်တော့ မြို့နယ်အောင်နိုင်ရေး ရုံးခန်းတွေ ဖွင့်နိုင်ဖို့
ပြင်ဆင်နေတယ်။ မြို့နယ် အောင်နိုင်ရေးအတွက် ကျမတို့ ဖွဲ့စည်းထားတာ ရှိပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့
ရွေးကောက်ပွဲအောင်နိုင်ဖို့ ဝင်လုပ်သွားမှာပါ။"


ဝင်ပြိုင်ရမယ့် မင်္ဂလာတောင်ညွန့်မြို့နယ်မှာကော စည်းရုံးရေး ဘာတွေ လုပ်နေပြီလဲ။

"ကျမတို့ အောင်နိုင်ရေးအတွက် အရှိန်အဟုန်ပြင်းပြင်းနဲ့ကို လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဓိက ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွက်ကို မြို့နယ်စည်းနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ပါမယ်။ လက်ရှိအခြေအနေမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ်က NLD လူငယ်တွေကလည်း သက်ဆိုင်ရာ ရပ်ကွက်တွေကို ဆင်းပြီးတော့ ပြည်သူတွေ နဲ့ နီးနီးစပ်စပ်ဖြစ်အောင် လုပ်နေပါပြီ။"


ကိုယ်တိုင်ကကော ကိုယ့်မဲဆန္ဒနယ်အတွက် စည်းရုံးရေးမဆင်းသေးဘူးလား။

"မြို့နယ်အောင်နိုင်ရေးက လိုအပ်ချက်တွေကို ကျမတို့ လုပ်ရမယ့် အလုပ်တွေ၊ သူတို့လုပ်ရမယ့်အလုပ်တွေ ခွဲဝေရဦးမယ်ပေါ့။"


မင်္ဂလာတောင်ညွန့်မှာ ဦးသုဝေတို့လို နိုင်ငံရေးသမားကြီး၊ နောက် ကြံ့ခိုင်ရေးပါတီ၊ တစည တို့လို အင်အားကြီးတွေ ပါဝင်ပြိုင်မယ်ဆိုတော့ ကိုယ့်ပြိုင်ဘက်တွေကိုနိုင်ဖို့ အလားအလားကိုကော ဘယ်လိုမှန်းလဲ။

"ကျမတို့မှာ အင်အားတွေ အများကြီးရှိတယ်။ မြို့နယ်အဆင့် ရပ်ကွက်အဆင့် အားလုံး ထိုးဖေါက်ပြီး လုပ်နေတာ
ဖြစ်တယ်။ နောက်ပြီးတော့ ပြည်သူလူထု အားလုံးကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လိုက်ပါဖို့ ပြည်သူတွေ လည်း အသင့်ရှိတယ်လို့ တွေ့ရတယ်။ ကျမတို့ ဒီလိုဝင်ပြိုင်တယ်ဆိုကတည်းက အောင်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တဲ့အတွက် အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"


ဒီနေ့ပဲ မင်္ဂလာတောင်ညွန့်ရုံးခန်း ဖွင့်တယ်ပေါ့။ အဲဒီ ကိုယ့်မဲဆန္ဒနယ်က လူတွေကကော ကိုယ့်အပေါ်မှာ စိတ်ဝင်တစားရှိကြလား။

"မင်္ဂလာတောင်ညွန့်ကလည်း ဒီမိုကရေစီအရေးအတွက်ကို တော်တော်လေး အားတက်သရော ဖြစ်နေတာကို
မြင်ရတော့ တော်တော်လေး အားတက်တယ်။ အဲဒီတော့ သိပ်ပြီးတော့ စိုးရိမ်စရာမတွေ့ဘူး။ အရင်လူဟောင်းတွေ ကလည်း ပူးပေါင်းကူညီတာတွေ့ရတော့ အတော်လေး ဝမ်းသာဖို့ကောင်းတယ်။ အဲဒီတော့ ကျမတို့ သွားနေတဲ့ လမ်းကြောင်းကို ညီညီညွတ်ညွတ်နဲ့ သွားနိုင်လိမ့်မယ်လို့ မြင်တယ်။"


အခုလို ရွေးကောက်ပွဲဝင်ပြိုင်တာကြောင့် ပြည်သူအတွက် ဘာလုပ်ပေးနိုင်မယ်လို့ ယူဆသလဲ။

“ ကျမတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ အခက်အခဲကို တတ်နိုင်တဲ့နည်းနဲ့ ဖြေရှင်းပေးချင်တာပါ။
နိုင်ငံရေးဆိုတာလည်း နိုင်ငံထဲမှာရှိတဲ့ အရေးမှန်သမျှကို လုပ်ကိုင်ချင်တာပါ။ ကျမတို့ ဒီမှာလည်း ၁၉၉၀ ကနေ ဒီနေ့အထိ ပါတီနဲ့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ၂၀၀၂ လူထုအကျိုးပြု HIV လုပ်ငန်းတွေကို ကျမတို့ တတ်နိုင်သလောက် အင်အားနဲ့ ကျမ တတ်နိုင်သလောက် လုပ်ဆောင်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့ လုပ်ခွင့်ရမယ် လုပ်နိုင်မယ်ဆိုရင်တော့ ကျမတို့နိုင်ငံမှာ အများကြီးပါ။"


NLD ဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ ဒါမှမဟုတ် အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်လား။

"ကျမတို့ အခက်အခဲတွေကို အကုန်လုံးလုပ်ပေးမယ်၊ လုပ်ပေးနိုင်မယ်လို့တော့ ပြောလို့မရဘူးပေါ့။ နိုင်ငံရေးကို အခုမှ ကျမတို့က စလုပ်ရတဲ့သဘောပဲ။ ၁၉၉ဝ ကနေ ခုအထိ ကျမတို့ နိုင်ငံရေး လုပ်ရတယ်လို့ မရှိဘူး။ ဒီမိုကရေစီ အင်အားစုတွေ အကုန်လုံးက အမျိုးမျိုး ဖိနှိပ်ခံခဲ့ရတယ်။ နိုင်ငံရေး လုပ်ရတယ်လို့ မရှိဘူး။ အကုန်လုံးက အဖမ်းဆီးခံ ကြားထဲက လုပ်ခဲ့ရတာ။ ကျမအမြင်ကတော့ အခုမှ စပြီးတော့ နိုင်ငံရေးစပြီးတော့ လုပ်ခွင့်ရပြီပေါ့။ အခုမှ စလုပ်ရမှာဆိုတော့ ကျမတို့ဘက်ကလည်း ကျမတို့ တတ်နိုင်သလောက် ပြည်သူတွေနဲ့ မပြတ်ထိတွေ့မယ်။ လိုအပ်ချက်တွေကိုလည်း တတ်နိုင်သလောက် ဖြေရှင်းပေးမယ်။ စွမ်းအားရှိသလောက် လုပ်ပေးသွားဖို့ကိုတော့ စဉ်းစားထားပါတယ်။"

MIZZIMA NEW

ပည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA (S) လက်မှတ်ထိုး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာအစိုးရသစ်၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော်
တောင်ပိုင်း SSA (S)အဖွဲ့တို့ တနင်္လာနေ့က တောင်ကြီးမြို့တွင် ဆွေးနွေးခဲ့ကြပြီး အချက် ၁၁ ချက်ပါ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၁၁ ချက်ထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်း အချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

“ဒီ ၁၁ ချက်ကတော့ အခုပထမအကြိမ် ပြည်ထောင်စုအဆင့် မူအားဖြင့်သဘောတူညီချက်တွေပေါ့။ လိုအပ်လာတဲ့ အချက်တွေ ရှိခဲ့ရင်လည်း နောက် ဒုတိယအကြိမ်မှာ ထပ်ပြီးတင်ပြ ဆွေးနွေးကြမှာပေါ့။ အဲလိုပဲ သဘောတူထား တယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။
shanpeace
အစိုးရနှင့် နှစ်ဖက်ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ခိုလာမ်၊ ကျိုင်းထုံ၊ မိုင်းဆက်၊ တာချီလိတ်တို့တွင် ဖွင့်လှစ်သွား မည်ဖြစ်ပြီး မူဆယ်နှင့် နမ့်ခမ်းတို့တွင်လည်း စီးပွားရေး ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ကြ သည်။ ဖွင့်လှစ်မည့် အချိန်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

သဘောတူညီချက်များအရ နှစ်ဖက်အဖွဲ့များ နယ်စပ်ဒေသ ဝင်ထွက်သွားလာရာတွင် နေရာများနှင့် ပတ်သက်၍ အစိုးရတပ်ဖွဲ့များ နှင့် RCSS/SSA တပ်ဖွဲ့များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် နှစ်ဖက် ထိန်းချုပ်ရာ နယ်မြေများအတွင်း လက်နက် ကိုင်ဆောင်သွားလာမှုများအား ကြိုတင်ညှိနိုင်း အကြောင်းကြားပြီးမှ သွားလာကြရ မည် ဖြစ်သည်။ အလားတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက်တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကြန့်ကြာစေခဲ့ပြီး နောက်တကြိမ်တွေ့ဆုံရာတွင် အဓိက ဦးတည်
ဆွေးနွေးရမည့် အချက်တခုဖြစ်ကြောင်း ဆွေးနွေးပွဲ နှစ်ဖက်နီးစပ်သူများက ပြောသည်။

ကျိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းယောင်းမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် SSA တပ်များအား မြန်မာအစိုးရဘက်က ထိုင်းနယ်စပ်သို့ ပြောင်းရွေ့ပေးစေချင်သလို၊ ဌာနချုပ်နေရာဖွင့်ရန် တောင်းဆိုထားသည့် ဟိုမိန်းနှင့် မိုင်းထား နယ်မြေများရှိ အစိုးရတပ်များကိုလည်း ဆုတ်ခွါပေးရန် SSA ဘက်က တောင်းဆိုထားသည်။

“အဓိက ပြဿနာက တပ်ဆုတ်ပေးရေး အခြေအနေတွေပေါ့။ အဲဒါကြောင့် ဒီပြဿနာက အခြေအတင် ညှိနိုင်းရဦး မယ့် အနေအထားမှာ ရှိတယ်။ အစိုးရဘက်ကလည်း တပ်မဆုတ်ပေးချင်ဘူး။ ရှမ်းတပ်ဘက်ကလည်း ဆုတ်မပေး ချင်သေးဘူး ဖြစ်နေတယ်” ဟု SSA-S နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံကြမည့်ရက် မသိရသေးသော်လည်း ယခုတွေ့ဆုံဆွေးနွေးပွဲသို့ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးချုပ် ပေါင်ခေး တို့က ဦးဆောင်တက်ရောက်ခဲ့ကြပြီး ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုဗိုလ်မှူးကြီး စိုင်းမင်း တို့အပါအဝင် ၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဇော်ဝင်း၊ အစိုးရ ရှေ့နေချုပ် ရုံး ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်စပ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး
ကျော်စိုးလင်း၊ တြိဂံတိုင်း စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်ထွန်းမြင့်နှင့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးမှ စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်မင်းအေးတို့ တက်ရောက်ကြသည်။

ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီးအဆင့် ဖြစ်သော ရွက်ဆစ်က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်းအချို့နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော
ခေါင်းဆောင် ခွန်ဆာလက်ထက်တွင် အမ်တီအေသည် ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကောင်းဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။

MIZZIMA NEW

အစိုးရနှင့် KIO ရွှေလီတွင် နိုင်ငံရေး ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု KIO က ပြောသည်။

ဦးအောင်သောင်း ခေါင်းဆောင်သော ၁၃ ဦးပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ၊
ရွှေလီမြို့ တနေရာတွင် ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ပြီး KIO ဘက်မှ ၁၂ ဦး ရွေးချယ်ထားကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

KIO အနေဖြင့် အခြားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကဲ့သို့ ဦးစွာ အပစ်အခတ်ရပ်စဲမည် မဟုတ်ဘဲ နိုင်ငံရေးလမ်းကြောင်းကိုသာ အဓိကထား ဆွေးနွေးမည်ဟု ဦးလနန် က မဇ္ဈိမကို ပြောသည်။

“အပစ်အခတ် ရပ်စဲရေး ကိစ္စဟာ နိုင်ငံရေး ပြဿနာကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အကျိုးသက်ရောက်မှုတွေပဲ။ ဒါကြောင့် နိုင်ငံရေးကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းကြမလဲ၊ ခိုင်ခိုင်မာမာနဲ့ အားလုံး ထင်သာမြင်သာ ရှင်းရှင်းလင်းလင်း ဖြစ်မယ့် နိုင်ငံရေးဆွေးနွေးမှု လမ်းစဉ်ကို ကျနော်တို့ အဓိက လမ်းကြောင်း ပေါ်လွင်အောင် အဓိက ဦးစားပေး ဆွေးနွေးသွားဖို့ ရှိတယ်ခင်ဗျ” ဟု ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲထားခဲ့သည့် KIO မှာ ၂ဝ၁၁ ဇွန်လပိုင်းတွင် အစိုးရတပ်နှင့် တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေး လုပ်ပြီး နိုင်ငံရေးကို နောက်မှပဲ ပြောဆိုကြမယ်ဆိုတဲ့ဟာက ၁၇ နှစ်ပတ်လုံး ကျနော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာအရ ကျနော်တို့အတွက် ဘာမှ အာမခံချက် မရှိဘူးဖြစ်နေတယ်” ဟု ဦးလနန်က ပြောသည်

“တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိနိုင်ရေးအတွက် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး ညှိနှိုင်းကာ
ဖြေရှင်းသွားနိုင်ရန်” အတွက် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးမှု စတင်ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၁၇ ရက်နေ့ ရက်စွဲဖြင့် KIO ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၂ ရက်နေ့က အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “စစ်တိုက်ရင်း ဆွေးနွေးမယ်ဆိုရင် အခက်အခဲ ရှိနိုင်တဲ့ အတွက်ကြောင့် KIO အနေနဲ့ အဲဒီဟာကို ထည့်သွင်း စဉ်းစားစေချင်တယ်။ ... အကယ်၍ အပစ်ကို ရပ်ပြီးတော့
ဆွေးနွေးမယ်ဆိုရင် ပိုပြီး ချောမွေ့မယ်လို့ ကျနော် မြင်ပါတယ်။ ဆွေးနွေးခြင်းက အကောင်းဆုံး အဖြေပဲလို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေး အဖွဲ့အား သီးသန့်ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်စာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က
KIO ကို ပေးပို့ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆွေးနွေးခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်နိုင်ဦး က “KNU က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်သွားတော့ လက်တွေ့နောက်ဆုံး တိုက်နေတာက KIO တခုပဲရှိနေတော့ သူ့တဖွဲ့တည်း ကျန်တော့တဲ့ အနေအထား ဖြစ်သွား
တယ်။ ဆိုတော့ KIO အပေါ်မှာ Pressure က တကယ်များလာတယ်။ ”

“နှစ်ဖက်လုံးက စကားပြောဖို့ ကြိုးစားနေတာတော့ ရှိတာပေါ့နော် ဒါပေမယ့် အခက်အခဲကတော့ ရှိနေတယ်။ အစိုးရဘက်ကလည်း သူ့ပေါ်လစီသူ ရှိနေတယ်၊ KIO ကလည်း သူ့ပေါ်လစီ သူ ရှိနေတယ်၊ ဒါပေမယ့် အောက်ခြေ တပ်မှာဖြစ်နေတဲ့ ပြဿနာတွေကလည်း ရှိတာပေါ့။ ဘယ်လောက်အောင်မြင်မယ် မအောင်မြင်ဘူးဆိုတ ပြောဖို့ ခက်တယ်” ဟု ပြောသည်။

ဆွေးနွေးပွဲအတွက် KIO ကိုယ်စားလှယ်အဖွဲ့ ရွှေလီမြို့သို့ ထွက်ခွါသွားကြပြီ ဖြစ်သော်လည်း အစိုးရ ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိလာမှ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ ဖြစ်မြောက်နိုင်သည်ဟု ဦးလနန်က ပြောသည်။

ကချင်ပြည်နယ်နှင့် နယ်စပ် လိုင်ဇာတွင် တိုက်ပွဲဖြစ်ပွားနေရာ နှစ်ဖက် သဘောထား တင်းမာနေသည့်အတွက်
ပြည်ပတနေရာမှာ ဆွေးနွေးထားဖို့ ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို   ဦးအောင်သောင်းနှင့် ဦးသိန်းဇော် ခေါင်းဆောင်ပြီး သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို  ရထားဝန်ကြီး ဦးအောင်မင်းက ဦးဆောင်သည်။

ဦးအောင်သောင်းနှင့် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့မှ ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)
နှင့် မိုင်းလား အဖွဲ့တို့နှင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

ဦးအောင်မင်းအဖွဲ့မှ  ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ ရှမ်းပြည်တပ်မတော်
တောင်ပိုင်း (SSA-S ) တို့က အပစ်အခတ်ရပ်စဲ သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

MIZZIMA NEW

ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။         ။ အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

“ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။

ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။

nldsingboardminkalarsouthnyountနံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မဖြူဖြူသင်း အား NLD မှ ရွေးချယ်ထားခြင်းနှင့် ပတ်သက်၍လည်း “နေ့တိုင်းနေ့တိုင်း ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ အလုပ်တွေ လုပ်သွားကြတဲ့ လူငယ်တွေထဲက တယောက်ပါပဲ” ဟု မိတ်ဆက်
ပေးပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြောင်း သက်သေပြနိုင်တဲ့ အရည်အချင်းနှင့် ပြည့်စုံသည့် အတွက်
ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

ပြည်သူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ထားရှိသင့်သည့် သဘောထားမှာ “သူတို့ကံကြမ္မာ ဟာ ကိုယ့်လက်ထဲမှာရှိတယ်။ ကိုယ့်ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိတာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့မှ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးနောက် ဗဟိုနှင့် မြို့နယ် NLD ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်လာခဲ့ကြသည်။

“အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိမိတို့ရဲ့အလံတော်ကို မြို့နယ်အသီးသီးမှာ ဖွင့်လှစ်သွားမယ် ဆိုတဲ့အတိုင်း တနိုင်ငံလုံးဟာ နီရဲသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု နာယက ဦးတင်ဦး က ပြောသည်။

ထို့နောက် “ကိုယ်စားလှယ်လောင်းတွေ ရွေးကြပြုကြတဲ့အခါ၊ နေရာ ပေါ်လာတဲ့အခါကျတော့ လူတို့ရဲ့သဘာဝ အတိုင်းပဲ ပူညံ ပူညံ ပူညံ ဖြစ်လာတာပဲ” ဟု ပါတီ နာယကကြီးက ပြောလိုက်ရာတွင်လည်း ပရိသတ် နှစ်သက် သဘောကျကြသည်။

ဇန်နဝါရီ ၁၇ ရက် နေ့စွဲဖြင့် ပြည်နယ်နှင့်တိုင်း ၆ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၂၂ ဦးစာရင်းကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလိုက်ရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအတွက် ၄၄  နေရာ ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုလည်း အင်္ဂါနေ့ နံနက်က ပြုလုပ်ခဲ့ရာ ဖိတ်စာ ၅၀၀ ဝေခဲ့သော်လည်း ပရိသတ် နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပါတီဝင် ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။

“အရင်ပါတီ ရုံးနေရာမှာပဲ လုပ်ပါတယ်။ မင်းကင်း (ဒေါ်ခင်မွှေးလွင်) အောင်နိုင်ရေးအတွက် ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝတို့က ပေါင်းပြီး ၂၁ ဦး စည်းအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေပါတယ်”

တမူးမြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီ၊ ချင်းအမျိုးသား တိုးတက်ရေးပါတီတို့ကလည်း လှိုက်လှိုက်လှဲလှဲ တက်ရောက်ခဲ့ကြကြောင်း၊ စသုံးလုံး၊ SB နှင့် ရဲတပ်ဖွဲ့များက သတင်းလာရောက် ယူခဲ့သော်လည်း အနှောက်အယှက် တစုံတရာမရှိဘဲ ပြုလုပ်နိုင်ခဲ့ကြောင်း ကိုမင်းမင်းက ပြောသည်။

Sunday 15 January 2012

MIZZIMA NEW

ခရောင်းလမ်းကို ဖြတ်ကာ ပြောင်းလဲခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(အယ်ဒီတာ့ အာဘော်) မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတော့မည့် လမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဖြစ်သော်လည်း စိန်ခေါ်နေသည့် ပြဿနာများက အများအပြား ရှေ့တလျှောက် ရှိနေသေးသည်။

အစိုးရက မျှော်လင့်မထားဘဲ နိုင်ငံရေး အကျဉ်းသားများကို အမြောက်အများ လွှတ်ပေးခဲ့သည်။ ဤသို့ လွတ်မြောက်လာသည့်အတွက် အောင်ပွဲခံနေကြသည့် မြင်ကွင်းများကို ယနေ့ တွေ့ရသည်မှာ အမှန်တကယ် အပြောင်းအလဲများ စတင်ဖြစ်ပေါ်နေပြီဟု ပြသနေသကဲ့သို့ ရှိစေသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်မြောက်လာကြသူများတွင် လူသိများ ထင်ရှားသည့် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှ ခေါင်းဆောင် အရှင်ဂမ္ဘီရတို့ကိုလည်း တွေ့ရှိရသည်။ ဤမျှသာမက ယခင် အာဏာ တန်ခိုးထွားခဲ့သည့် ၀န်ကြီးချုပ်ဟောင်း၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး (ဟောင်း) ခင်ညွန့်လည်း အကျဉ်းချထားရာမှ ပြန်လည် လွတ်မြောက်လာနိုင်ခဲ့သည်။

ဤဖြစ်ရပ်များက အံ့သြမခမ်း ဖြစ်စေသလို မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် ကိစ္စများ မဟုတ်ပါ။ တရုတ်က ငွေကြေးစိုက်ထုတ်သော မြစ်ဆုံဆည် စီမံကိန်းလိုဟာမျိုးကို ဆိုင်းငံ့လိုက်ခြင်း၊ အီတာလျံ-ထိုင်း ကုမ္ဗဏီ၏ ထားဝယ် စီမံကိန်းမှ ၄,၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ကို ပယ်ဖျက်လိုက်ခြင်းတို့ ပြုလုပ်ခဲ့သော အစိုးရသစ်၏ ခိုင်မာသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနက် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးခြင်းလည်း ပါဝင်သည်။

ထောင်တံခါးများကို ဖွင့်ပေးလိုက်ခြင်းဖြင့် အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများတွင် ယုံကြည်မှု ရှိနေမှုနှင့်၊ ဒီမိုကရေစီ ပိုကျသည့် လူမှု အဖွဲ့အစည်းတခုသို့ ရှေးရှုသွားနေသည်ကို ပြသနေသည်။

မြန်မာနိုင်ငံတွင် ကိစ္စများစွာ အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေသည်။ တရားဥပဒေစနစ်၊ တင်းကြပ် ချုပ်နှောင်ထားသည့် အစိုးရ ယန္တယား အုပ်ချုပ်ရေး စနစ်များကို ပြုပြင်ပြောင်းလဲရေး၊ ချွတ်ခြုံကျနေသည့် အခြေခံ အဆောက်အဦများ၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတို့ကို ဦးစားပေး အစီအစဉ်ဖြင့် ပြန်လည် တည်ဆောက်မွမ်းမံရေး၊ စသဖြင့် များစွာ ဆောင်ရွက်ရန် ရှိနေသည်။

သို့သော်လည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စ၌ ဤမျှ လေးမြင့် ကြာညောင်းနေသည်ကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်တွင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လိုသူများနှင့် စနစ်ဟောင်းကို ထိန်းသိမ်း လိုသူများ အကြား အာဏာလွန်ဆွဲပွဲ ရှိနေကြောင်း သိသာနိုင်သည်။

ဤသို့ လွှတ်ပေးမည်၊ လွှတ်ပေးမည်ဟု လူအများ ပြောဆိုနေကြသည်မှာ ရှေးဦးမဆွကတည်းက ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ယခင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်၊ စသူတို့မှာ နိုင်ငံရေး လောကတွင် ထင်ရှားသည့် ခေါင်းဆောင်များဖြစ်ပြီး လမ်းပေါ်လူထု ဆွဲတင်လာခြင်းအားဖြင့် တည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည်၊ သို့တည်းမဟုတ် အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်ကို နှောင့်ယှက် ဖျက်ဆီးနိုင်သူများ၏လည်း အစိုးရဖက်က ယူဆထားဖွယ် ရှိသည်။ သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် ပါဝင်မည်ဟု သမိုင်းဝင်ဆုံးဖြတ်ချက် ပြုပြီးသည့် နောက်ပိုင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့သည်။ 

ဤအပြောင်းအလဲများ အပေါ် အနောက်တိုင်း အစိုးရများက အသိအမှတ်ပြုမှု၊ အတိုက်အခံ အင်အားစုများက ထောက်ခံမှုများနှင့်ကြောင့် အခြေခံကျကျ ပြောင်းလဲလိုသည့် သဘောထားပြင်းထန်သူ ကွန်မြူနစ်အုပ်စုကို ဟန့်တားနိုင်ဖွယ်ရှိပြီး သမ္မတ ဦးသိန်းစိန် အစိုးရအဖို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များဖြင့် ရှေ့ဆက်ရန် ပိုမို ယုံကြည်မှု ရရှိလာသည်ဟု ယူဆရသည်။

ဤဖြစ်ရပ်များကို လွန်ခဲ့သည့် တနှစ်ခန့်က ပြောဆိုလျှင် မည်သူမျှ ယုံကြည်နိုင်ကြမည် မဟုတ်ပေ။ သမ္မတ ဦးသိန်းစိန် က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရဖို့ဆိုလျှင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရမည်ဟု နားလည် သဘောပေါက်ထားသည်။ ယခုဆုံးဖြတ်လိုက်သည့် ပြောင်မြောက်သည့် လုပ်ရပ်ကြောင့် ဤလုပ်ငန်းစဉ်များကို အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

အတိုက်အခံ အင်အားစုများ ဖက်ကလည်း လမ်းမပေါ် နိုင်ငံရေး ဆန္ဒပြပွဲများကို ရှောင်ရှားကြမည်ဟု ဖွင့်ဟမပြောသော်လည်း အတွင်းကျိတ် နားလည်ထားကြပုံရသည်။ လက်ရှိအချိန်တွင် ဤသို့ လမ်းမပေါ် ဆန္ဒပြပွဲများအတွက် ပြင်ဆင်နေမှုများလည်း မတွေ့ရပါ။ သို့သော်လည်း ယခု အပြောင်းအလဲများက အောက်ခြေပြည်သူများ၏ ဘ၀အပေါ် မည်သို့ အကျိုး သက်ရောက်စေမည်ဟူသည့် ကိစ္စအပေါ် များစွာ တည်မှီနေသေးသည်။ သေချာသည်မှာ ရန်ကုန်မြို့ လမ်းများပေါ်တွင် ပို၍ လွတ်လပ် ပွင့်လင်းလာနေမှုကို မြင်နေရပြီး လူအများကလည်း တချိန်က မပြောမဆိုဝံ့သည့်ကိစ္စ နိုင်ငံရေးကို စိတ်ဝင်တစား ပြောဆို ဆွေးနွေးလာကြသည်။

ယခု ဖြစ်ပေါ်နေသမျှ အပြုသဘောဆောင်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ပို၍ထင် သာမြင်သာသည့် အပြောင်းအလဲများ လိုအပ်နေသေးသည်။ ဥပမာအားဖြင့်- နိုင်ငံ၏ ဘတ်ဂျက်ဘဏ္ဍာ ရာခိုင်နှုန်း အများစုကို ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအတွက် သုံးစွဲနိုင်ရေး၊ အစိုးရ ၀န်ထမ်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ယန္တယားကို အဓိပ္ပါယ်ရှိရှိ ပြင်ဆင်ဖွဲ့စည်းရေး သာမက တရားရေး မဏ္ဍိုင်ကို ပြင်ဆင် ပြောင်းလဲရေး ကိစ္စများကို လူအများ မြင်တွေ့လိုနေသေးသည်။

ဤကိစ္စများကို အချိန်တိုအတွင်း ဆက်လက် ဆောင်ရွက်နိုင်ပါက သမ္မတ ဦးသိန်းစိန် အစိုးရအဖို့ အသည်းစွဲ ဖြစ်ကြမည်မှာ မလွဲသလို ယခင် စစ်အစိုးရ အပေါ်တွင်ပင် ခွင့်လွှတ်စိတ် မွေးနိုင်ကြလိမ့်မည် ဖြစ်သည်။ အကယ်၍ နောက်ထပ် အရေးပါသည့် အပြောင်းအလဲများကို မဆောင်ကြဉ်းနိုင်ပါက သဘာဝ ပတ်ဝန်းကျင် ကိစ္စ၊ မြေယာ သိမ်းပိုက်ထားမှုများ၊ အကျင့်ပျက် ခြစားမှု၊ နောက်ဆုံး တိုင်းရင်းသား ဒေသများတွင် ဆက်လက် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ စသည့် အကြောင်းပေါင်းစုံကို အခြေပြု၍ လူထု ဆန္ဒပြပွဲကြီးများလည်း ကြုံတွေ့ရဖွယ် ရှိသည်။

အစိုးရအတွင်း သဘောထား တင်းမာသူများထံမှလည်း တုံ့ပြန်မှု၊ နောက်ပြန်ဆွဲမှုများလည်း ဖြစ်ပေါ်လာနိုင်ခြေ ရှိနေပါသေးသလော။ မဖြစ်နိုင်ပါဟုတော့ ဆိုရမည်။ စိတ်ဝင်စားဖွယ် အချက်တခုမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်စဉ်တွင် ယခု လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ လူ ၁၁ ဦး ပါဝင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများတွင် နောက်ဆုံး ဆုံးဖြတ်ချက် ပေးရမည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ဤထူးခြားချက်ကို ကြည့်ခြင်းအားဖြင့် ကာ/ချုပ် ရှိမနေလျှင်တောင် မြန်မာပြည် ပြိုကွဲ ချောက်ထဲကျရမည့် အနေအထား မဟုတ်တော့ပေ။