Showing posts with label MYANMAR NEW. Show all posts
Showing posts with label MYANMAR NEW. Show all posts

Tuesday 31 January 2012

အရင် မန်ယူနဲ့ နယူးကာဆယ် ကစားသမား၊ အခု မကွေးအက်ဖ်စီ နည်းပြ

 
မစ္စတာ ဒေးဗစ်မက်ခရီရီဟာ ၁၉၈၀ ဝန်းကျင်က နယူးကာဆယ်အသင်းရဲ့ နာမည်ကျော် ကစားသမားတွေထဲက တယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူဟာ မြန်မာနေရှင်နယ်လိဂ်က မကွေးအက်ဖ်စီအသင်းရဲ့ နည်းပြတာဝန် ယူထားသူလည်း ဖြစ်ပါတယ်။
မကွေးအသင်း၏ နည်းစနစ်ဒါရိုက်တာ ဒေးဗစ်မက်ခရီရီ (ဓာတ်ပုံ - twitter.com/DavidMccreery)
အိုင်းရစ်လူမျိုး မက်ခရီရီရဲ့ ဘဝဖြတ်သန်းမှုထဲမှာကြည့်ရင် အင်္ဂလန် ဒုတိယတန်းက ကာလ်ဆီးနဲ့ ဟတ်တယ်ပူးလ် အသင်းတွေမှာ နည်းပြခဲ့ဖူးပြီး အင်္ဂလန်အသင်းရဲ့ နာမည်ကျော် ကွင်းလယ်လူဟောင်း ဂတ်စ်စကွိုင်နီရဲ့ အကြံပေးတဦးလည်း ဖြစ်ခဲ့ပါတယ်။
အိုင်းရစ်လူမျိုး မက်ခရီရီဟာ သူဟာ ၁၉၈၂ ကမ္ဘာ့ဖလားမှာ မြောက်အိုင်ယာလန် အသင်းအတွက် ကစားခဲ့စဉ်တုန်းက Nike ကုမ္ပဏီကထုတ်တဲ့ ဖိနပ်ကိုဝတ်ဆင်ကစားခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ Nike ဖိနပ်ဝတ်ဆင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်ပါတယ်။
သူကစားခဲ့စဉ် အချိန်တွေက ပြင်သစ်က ပလာတီနီ၊ ဟော်လန်က ဂျိုဟန်ခရိုက်၊ ရိုမေးနီးယားမှ ဟာဂျီတို့ဟာ ကစားရခက်တဲ့ ပြိုင်ဘက်ကစားသမားတွေဖြစ်ကြောင်း သူရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ပြောထားပါတယ်။ မက်ခရီရီက နယူးကာဆယ်အသင်းမှာ ကစားခဲ့စဉ်က လူကြိုက်များတဲ့ ကွင်းလယ်ကစားသမားတဦး ဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်အချိန်က အောင်မြင်တဲ့ ဘောလုံးသမား၊ အခု အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့သူဟာ အရှေ့တောင်အာရှက မြန်မာနိုင်ငံရဲ့ မကွေးအက်ဖ်စီဆိုတဲ့ ကလပ်အသင်းတခုမှာ နည်းစနစ်ဒါရိုက်တာလုပ်ဖို့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။
နယူးကာဆယ်ကစားသမားဖြစ်စဉ်က (ဓာတ်ပုံ- twitter.com/DavidMccreery)
ဆင်းရဲတဲ့ နိုင်ငံငယ်လေးတခုထဲက ဘောလုံးအားကစားကို မြှင့်တင်ချင်တဲ့၊ အတွေ့အကြုံရှိတဲ့ ပရော်ဖက်ရှင်နယ် တယောက်ဖြစ်တဲ့သူက မကွေးအက်ဖ်စီအသင်းရဲ့ ပထမအသင်း၊ အရန်အသင်းနဲ့ လူငယ်အသင်းတွေကို ကြီးကြပ်ပေးမယ်ဆိုတော့ မကွေးအက်ဖ်စီအသင်း အတွက်လည်း ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။ မက်ခရီရီဟာ စာရေးတာကိုလည်း ဝါသနာပါပြီး ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိတခု ထုတ်ဖို့လည်း စီစဉ်နေပါတယ်။
“စာအုပ်ထုတ်ရခြင်း ရည်ရွယ်ချက်က လွန်ခဲ့တဲ့အနှစ် ၃၀ အတွင်းက စိတ်ဝင်စားစရာကောင်းတဲ့ ကျနော့်ဘဝ မှတ်တမ်းတွေကို ပြန်ပြောပြချင်တာပါ။ ကျနော်ကြီးပြင်းခဲ့တဲ့ ပဋိပက္ခတွေကြားက ဘဲလ်ဖတ်စ်မြို့အကြောင်းရယ်၊ ကျနော် ၁၅ နှစ်အရွယ်မှာ မန်ယူအသင်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ အကြောင်းရယ်၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျနော့်ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြသွားမှာပါ” လို့ သူ့ရဲ့ အတ္တုပ္ပတ္တိအကြောင်း ပြောသွားခဲ့ပါတယ်။
“ကျနော့်ရဲ့ အေးဂျင့်က ကျနော် ဘောလုံးလောကကို ပြန်အခြေချချင်တာကို သိနေပြီး ဒီလိုအခွင့်အလမ်းကို ရှာဖွေပေးခဲ့တာပါ၊ ဒါပေမယ့် ကျနော်ဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရပြီး လိဂ်ပြိုင်ပွဲအသစ်တခုက ကလပ်အသင်းတခုမှာ အလုပ်လုပ်ရမယ်ဆိုတာက ကျနော့်အတွက် ငြင်းဆန်လို့မရနိုင်အောင် ဖြစ်ခဲ့ပါတယ်” ဟု သူ မြန်မာနိုင်ငံကို ရောက်ခဲ့ပုံကို ပြောပြပါတယ်။
ကွင်းတွင်းရော ပြင်ပမှာပါ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့တွေက သူ့အတွက် စိန်ခေါ်မှုတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူနဲ့ သူ့ဇနီး မြန်မာနိုင်ငံမှာ အမြန်အခြေကျအောင် ကူညီပေးခဲ့တဲ့ မကွေးအက်ဖ်စီအသင်းကို ကျေးဇူးတင်ကြောင်းလည်း မက်ခရီရီက ပြောပါတယ်။
ဒါ့အပြင် မြန်မာဘောလုံးနှင့် ပတ်သက်ပြီး “မြန်မာနိုင်ငံမှာ ဘောလုံးအားကစားတိုးတက်ဖို့က အချိန်လိုအပ်နေပါသေးတယ်။ အခုဆိုရင် ကလပ်အသင်းတွေရဲ့ အခြေခံအဆောက်အဦတွေ တိုးတက်လာနေပြီး ဒါတွေဟာ အသက် ၂၃ နှစ်အောက် မြန်မာ့လက်ရွေးစင် အသင်းအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်။ အခုဆိုရင် ကျနော်ဟာ ဘောလုံးအားကစား ယဉ်ကျေးမှုအသစ်ကို ရရှိနေပြီး တကယ်လို့ ကျနော် ဥရောပမှာ ပြန်အခြေချရင် ဒါတွေဟာ ကျနော့်အတွက် အထောက်အကူကောင်းတွေ ဖြစ်မှာပါ” ဟု မက်ခရီရီက ပြောပါတယ်။
လက်ရှိ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားမှာတော့ မက်ခရီရီ ကိုင်တွယ်နေတဲ့ မကွေးအက်ဖ်စီအသင်းဟာ ၁ ပွဲနိုင် ၃ ပွဲသရေ ရလဒ်နဲ့ ရှုံးပွဲ မရှိဘဲ အသင်း ၁၄ သင်းအနက် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းချက် ALP လက်ခံ

 
သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က လက်ခံပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်က ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ALP နှင့် ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း ဇန်န၀ါရီလ ၂၃ ရက်နေ့က စာရေးသား ကမ်းလှမ်းခဲ့သည့် အပေါ် တွင် ALP က လက်ခံခဲ့ခြင်း ဖြစ်သည်။
ALP ပါတီဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - ALP)
ALP ပါတီဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - ALP)
“ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်ဆိုတော့ ကောင်းတဲ့အရာပေါ့ဗျာ။ ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိတယ်” ဟု ALP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ဧရာဝတီကို ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား ကြိုဆိုကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပါတီ ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူပြီး အကြောင်းပြန်မည်ဟု ALP က အစိုးရအား တုန့်ပြန်ခဲ့သည်။
“ပါတီ ဗဟိုကော်မတီအတွင်းမှာ ဆွေးနွေးရဦးမယ်။ ပြီးမှ ဘယ်အချိန်မှာတွေ့မယ်၊ ဘယ်နေရာမှာ တွေ့မယ်၊ ဘယ်နှယောက် တွေ့မယ်ဆိုတာ အကြောင်းပြန်မယ်လို့ စာပြန်ရေးထားတယ်” ဟု ပါတီ ဒု ဥက္ကဋ္ဌက ပြောသည်။
ပါတီဗဟိုကော်မတီ အစည်းအဝေးအား လာမည့် ဖေဖော်ဝါရီလအတွင်း ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ခ်ျ ၃ နိုင်ငံ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော ALP သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၆၇ ခုနှစ်မှ စတင်ကာ လက်နက်စွဲကိုင် တော်လှန်နေသည့် အဖွဲ့ဖြစ်သည်။
အစိုးရ အဆက်ဆက်အား နှစ်ပေါင်း ၄၀ ကျော် လက်နက်ကိုင် တော်လှန်ခဲ့သည့် ALP တွင် ပါတီဝင်နှင့် လက်နက်ကိုင် အင်အား ၃၀၀၀ ခန့် ရှိကြောင်း ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်က ဆိုသည်။
ပြည်တွင်းတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ALP အား ကမ်းလှမ်းမှုအပေါ် ကြိုဆိုကြောင်း ရခိုင်အမျိုးသား ဒီမို ကရေစီ ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
“ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခုလို အပစ်အခတ် ရပ်စဲတယ်။ ဒီကနေတဆင့် နိုင်ငံရေးအရ ဆွေးနွေးမယ် ဆိုရင်တော့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။
၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အဖွဲ့ဝင် ဖြစ်သည် ALP ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ကရင်ပြည်နယ် တနေရာတွင် ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးခိုင်မိုးလင်းက စတင် တည်ထောင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ဇန်န၀ါရီလအတွင်း ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA – S) နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပြီး KNU၊ မွန်ပြည်သစ်ပါတီတို့နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ထို့အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  (ABSDF) တို့ကိုလည်း ငြိမ်းချမ်းရေး ဆွေနွေးရန် ကမ်းလှမ်းထားသည်။
သို့သော် ၇ လ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ မအောင်မြင်သေးဘဲ ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲများ လျှော့ချရန်သာ သဘောတူညီမှု ရရှိထားသည်။

Monday 30 January 2012

Bogyoke Aung San tangthu Cinema kizaih ding

PDFPrintE-mail
 
Mangkang ukna sung pan  Kawlgam suahtakna ngahna ding aphukhia Bogyoke Aung San i tangthu tawh kisai Limtang (Cinema) kizaih ding geelna kinei cih kiza hi. Bogyoke Aung San munah akineih ding a mel kibang/kisutpih mahmah khat kisam ahih manin, Newspaper le Journal te ah tangkona kinei-in, khakhat sung kisiau thei ding cih kiza hi.

Tua Cineme ah akisam ding Boygoke Aung San i thangthute le a Man(Photo), te zong U Kyi Phyue Sin in kaikhawm laitak ci hi. Kineihsiam (Actor) dingin Bogyoke Aung San tawh akibang /kisun mite sepsak kul ding ahih manin, cBo Aungsan tawhmel akisun/ kibang  a kineih nuamte in siauhna (Application Form) gelh dinga, vaisaite zumah puak ding ci hi. Khakhat sungin angahte kizasak pah ding cih kiza hi.  Tu laitak ciangciang a kibatpih asiau nih le khat om khin hih tuak hi. Hih Cinema pen Kawlgam mipite in kilawp mahmah cih kiza hi.
 

စင်္ကာပူက မြန်မာအစိုးရကို ကူညီမည်

2012-01-30
ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။
AFP PHOTO/ROSLAN RAHMAN
သမ္မတ ဦးသိန်းစိန် (ယာ) နှင့် စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လုံး (၀ဲ)တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေစဉ်။
သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့တာပါ။ ဒီကနေ့ ကျင်းပတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကေ ရှန်မူဂမ်တို့က လက်မှတ် ရေးထိုးခဲ့ပါတယ်။ လေ့လာသူတွေ အဆိုအရ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ရောက်နေပြီ ဖြစ်ပြီး အနောက်နိုင်ငံတွေကလည်း စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ခြေလှမ်းပြင်နေတဲ့ အချိန်မှာပဲ မြန်မာအစိုးရဟာ ဘဏ်လုပ်ငန်းတွေနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မြှင့်လာနေပြီလို့ ပြောကြပါတယ်။ မြန်မာအစိုးရဟာ လာမယ့် ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမှာဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဆိုင်ရာ ညီလာခံ လုပ်ထုံးလုပ်နည်းတွေမှာလည်း စင်္ကာပူအစိုးရက ကူညီမယ်လို့ သိရပါတယ်။

မဲ ဘယ်လိုပေးမလဲ စာအုပ် အန်အယ်လ်ဒီကိုလှူ

2012-01-30
တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက မိမိပြုစုတဲ့ “လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ” အမည်ရှိ စာအုပ် နှစ်ထောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီကနေ့ လှူဒါန်းကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာကျင်းပတဲ့ လှူဒါန်းပွဲမှာ ဦးကိုနီနဲ့ဇနီးလှူဒါန်းတဲ့ စာအုပ်တွေကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားပါတယ်။ အဲဒီိအခမ်းအနားကို အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းလည်း တက်ရောက်တယ်လို့ သိရပါတယ်။ မူလက အခမ်းအနားကို သီးခြားပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဒီကနေ့ ရုံးချုပ်မှာ အစည်းအဝေးတွေ ဆက်တိုက်လိုလို ရှိနေတာကြောင့် အကျဉ်းရုံး ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ မဲမညစ်နိုင်အောင် မဲဘယ်လိုပေးရမလဲဆိုတာ ပြည်သူတွေ သိစေချင်လို့ စာအုပ်ရေးသား ပြုစုရကြောင်း၊ တကယ်လိုအပ်တဲ့နေရာ ရောက်စေချင်တဲ့အတွက် စာရေးဆရာ မောင်ဝံသနဲ့တိုင်ပင်ပြီး အန်အယ်လ်ဒီကို လှူဒါန်းရကြောင်း ဦးကိုနီက ပြောပါတယ်။ “လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ” စာအုပ်ကို တစ်အုပ် ကျပ် ၃၀၀ နဲ့ ပြည်သူ့ခေတ် ဂျာနယ်တိုက်က ထုတ်ဝေဖြန့်ချိတာပါ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး စာရေးသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲမှာ ပြည်တွင်း ပြည်ပ မီဒီယာများ တွေ့ဆုံခွင့်ရ

2012-01-30
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ဖွံဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်မှာ စတင်ကျင်းပခဲ့ပါတယ်။
RFA
"ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နှင့် ပြည်တွင်းပြည်ပ မြန်မာသတင်း မီဒီယာ အဖွဲ့အစည်းများ၏ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ မှ ၃၁ ရက်နေ့အထိ ကျင်းပနေစဉ်။
ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍအပြင် မီဒီယာဥပဒေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးခဲ့တယ်လို့ စီစဉ်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်သတင်းစာနယ်ဇင်း ဥက္ကဋ္ဌ ဦးကိုကို (စက်မှု)က အာအက်ဖ်အေကို ပြောပါတယ်။ နိုင်ငံခြားသား ပညာရှင်သုံးဦး ပါဝင်ဆွေးနွေးကြောင်း၊ ပြည်သူတွေအတွက် သတင်း ဘယ်လိုဖြန့်ဝေပေးမလဲ ဆိုတာကိုလည်း မိမိတို့ ဆွေးနွေးကြကြောင်း ဦးကိုကို (စက်မှု)က ပြောပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ သတင်း စာနယ်ဇင်းသမားတွေအနေနဲ့ အသေးစိတ် မသိရသေးဘူးလို့ဆိုပါတယ်။ ဆွေးနွေးပွဲကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းကပညာရှင်တွေ တက်ရောက်ကြသလို ပြည်ပ သတင်းမီဒီယာဌာနတွေထဲက မဇ္ဈိမ၊ ဗွီအိုအေနဲ့ ဘီဘီစီ (မြန်မာပိုင်း)ဌာန ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ "ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပမှာပါ။

လူ့အခွင့်အရေး ကိုယ်စားလှယ် ခရီးစဉ် မနက်ဖြန် စမည်

2012-01-30
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Quintana ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို မနက်ဖြန် စတင်ပါမယ်။
Photo: RFA
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား။ (Photo: RFA)
Mr. Quintana က မြန်မာနိုင်ငံသမိုင်းမှာ အရေးကြီးတဲ့ ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ထွန်းနေတာကြောင့် မိမိရဲ့ ခရီးစဉ်ဟာ အရေးကြီးကြောင်း ပြောပါတယ်။ ဇန်န၀ါရီ ၃၁ ရက်က ဖေဖော်ဝါရီ ၅ ရက်အထိ ၆ ရက်ကြာ ခရီးစဉ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရောက်ခဲ့စဉ်က ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကို ဆက်လုပ်ဆောင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ အစီရင်ခံစာ ပြုစုဖို့ရှိပြီး နေပြည်တော်က ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအပြင် အမျိုးသား လူ့အခွင့်အရေးကော်မရှင် အပါအ၀င် သက်ဆိုင်သူများနဲ့လည်း တွေ့ဆုံပါမယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကိုတော့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး တွေ့ရှိချက်တွေကို ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းပါမယ်။

မျိုးကိုမျိုးရဲ့  ဝတ္ထုသစ်ရောင်းရငွေ နိုင်ငံရေး အကျဉ်းသားတွေကို ခွဲဝေ ထောက်ပံ့မည်

2012-01-29
၁၉၈၈ ဒီမိုကရေစီ အရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တယောက်အကြောင်းကို နောက်ခံပြု ရေးသားထားတဲ့ စာရေးဆရာ မျိုးကိုမျိုး ရဲ့ လမင်းဖြူရဲ့ကောင်းကင်ဆိုတဲ့ လုံးချင်းဝတ္ထုသစ်ကို မကြာခင်ရက်ပိုင်းက ထုတ်ဝေ ဖြန်ချိခဲ့ပါတယ်။
RFA
စာရေးဆရာ မျိုးကိုမျိုး ၏ 'လမင်းဖြူရဲ့ကောင်းကင်' လုံးချင်း ဝတ္ထုသစ် ကြော်ငြာ ဖြစ်ပါသည်။
အဲဒီစာအုပ်က ရရှိတဲ့အမြတ်ငွေ သုံးဆယ့်ငါး ရာခိုင်နှုန်းကို ထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။ စာရေးဆရာ မျိုးကိုမျိုး က RFA ကို ပြောဆိုရာမှာ “အဓိက ကတော့ဗျာ ကျွန်တော်ကိုယ်တိုင်ကလည်း ယုံကြည်ချက်ကြောင့် ထောင် ၆ နှစ်ကျခဲ့တယ်။ ထို့အတူပဲ ကျွန်တော် သူငယ်ချင်းတွေ၊ အနီးစပ်ဆုံးဆိုရင် ကျွန်တော်ညီ ကိုဂျင်မီတို့လင်မယားဆိုလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျပြီး လွတ်လာတာ ရက်ပိုင်းပဲရှိသေးတယ်လေ။ သူတို့ကို လေးစား အသိအမှတ်ပြုသောအားဖြင့် အားလုံးက အခုချိန်မှာ အရင်ထက်ကို ကျယ်ကျယ်ပြန့်ပြန့် တတ်အားသမျှ ဝိုင်းဝန်းလုပ်ဆောင် ကူညီခဲ့ကြတယ်ပေါ့ဗျာ။ ကျွန်တော်ကလည်း တစ်တပ်တအား အုပ်တစ်ချပ်သဲတပွင့် ဝင်ပါတဲ့သဘောပါပဲ”။ လမင်းဖြူရဲ့ကောင်းကင် လုံးချင်းဝတ္ထုကို ပထမအကြိမ် အုပ်ရေ ၂၀၀၀ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး တစ်အုပ်ကို ရောင်းဈေး ကျပ်ငွေ ၁၅၀၀ သတ်မှတ်ထားပါတယ်။ ဒီစာအုပ်ဟာ မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်ကာလကနေ အပြောင်းအလဲတချို့ စတင်နေချိန်အတွင်း နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လုံးချင်းဝတ္ထုအဖြစ် ပထမဆုံးအကြိမ် ပုံနှိပ်ဖြန့်ချိခွှင့်ရခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဒီထက်ပိုပြီး ဖေါ်ပြခွှင့်ရလာရင် နိုင်ငံရေး နောက်ခံပြု ဇာတ်လမ်းတွေကို ဆက်လက် ရေးသားထုတ်ဝေသွားမှာ ဖြစ်တယ်လို့ စာရေးဆရာ မျိုးကိုမျိုးက ပြောဆိုပါတယ်။

မြန်မာ ပိုပြီးပွင့်လာရင် ထိုင်းပိုအကျိုးရှိမည်

2012-01-29
မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ဥရောပ အာဆီယံ စီးပွားရေး စင်တာ ( EABC ) ဥက္ကဌ မစ္စတာ ဒင်နီယယ် က အခုလိုပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ဆက်ဆံရေးမှာ ပိုမိုပွင့်လင်းလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီး ဆွဲဆောင်မှုရှိလာတာနဲ့ အမျှ ဥရောပ စီးပွားရေးကုမ္ပဏီတွေအတွက် ထိုင်းနိုင်ငံဟာ မြန်မာကိုဝင်ဖို့ အဓိက ဂိတ်တံခါး ဖြစ်ပါလိမ့်မယ်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ပွင့်လင်းရေး အစီအစဉ်တွေဟာ အလွန်အောင်မြင်နေပြီး ရှေ့ဆက်ပြီးတော့လည်း တိုးတက် အောင်မြင်နေဦးမယ့် သဘောရှိပါတယ်။ ဥရောပ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာပြည်သူတွေ အလွန်လိုအပ်နေပါတယ်။ အကြီးစား လုပ်ငန်းတွေတင်မက အသေးစားတွေပါ လိုအပ်နေတာပါ။ မြန်မာပြည်ပိုပြီး ပွင့်လာတာနဲ့အမျှ ထိုင်းနိုင်ငံဟာလည်း မြန်မာရဲ့ ဂိတ်တံခါးဝ အဖြစ်နဲ့ အကျိုးကျေးဇူး ခံစားရမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနဲ့သဘာဝအားဖြင့်နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် ထိုင်းကတဆင့် မြန်မာပြည်တွင်းကို ဆက်သွယ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်လို့ မစ္စတာဒင်နီယယ်က ပြောပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်ပြည်ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ ပိုပြီးပွင့်အောင်လုပ်ဖို့ လိုအပ်နေတယ်လို့ မစ္စတာ ဒင်နီယယ် ကပြောပါတယ်။ ဥရောပ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းတွေ၊ လမ်းပန်းဆက်သွယ်ရေး တည်ဆောက်မှု လုပ်ငန်းတွေ စတဲ့ လုပ်ငန်းမျိုးစုံအပေါ် စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ဖွင့်လှစ်လိုက်တဲ့ ဥရောပ အာဆီယံ စီးပွားရေးစင်တာ ( EABC ) ဟာ အာဆီယံနိုင်ငံတွေမှာ လုပ်ကိုင်နေကြတဲ့ ဥရောပတိုက်သား လုပ်ငန်းရှင်တွေအတွက် အခြေခံ သတင်းအချက်အလက်တွေ၊ ရင်းနှီးမြှုပ်နှံရာမှာ ကြုံရနိုင်တဲ့ အခက်အခဲတွေ၊ အစိုးရဌာနတွေနဲ့ ဆက်သွယ် ပြောဆိုညှိနှိုင်းရေးအတွက် ၀န်ဆောင်မှုတွေ စတဲ့ ပံ့ပိုးမှုတွေ ပေးသွားမယ်လို့ သိရပါတယ်။

အိမ်နီးချင်းနိုင်ငံများကို လေ့လာ၍ မြန်မာ့ မီဒီယာ ဥပဒေကြမ်း ရေးဆွဲပြီးပြီ

 
မီဒီယာများနှင့်သက်ဆိုင်သည့် ဥပဒေကြမ်းတခုအား အိမ်နီးချင်းနိုင်ငံများ၏ မီဒီယာ ဥပဒေများကို လေ့လာ၍ ရေးဆွဲပြီးဖြစ် ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့်မှတ် ပုံတင် ဌာန၏ ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ယနေ့ ပြောလိုက်သည်။
မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများ (ဓာတ်ပုံ - ပေါ်ပြူလာ)
ထိုဥပဒေကို လွှတ်တော်အစည်းအဝေးများ၌ မကြာမီ တင်သွင်းမည်ဟု ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်တွင် ယနေ့ကျင်းပသော မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့် ၀န်ကြီးနှင့် ၇ ကြိမ်၊ ဌာနအတွင်း အကြိမ် ၂၀ ဆွေးနွေးပြီးမှ ရေးဆွဲခဲ့ကြောင်း၊ ထိုဥပဒေသည် ပုံနှိပ်မီဒီယာ တခုအတွက်သာ ဖြစ်ကြောင်း၊ အွန်လိုင်းနှင့် ရုပ်သံမီဒီယာတို့ အတွက် မဟုတ် ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
လွှတ်တော်၌ ယင်းဥပဒေ အတည်ပြုပြီးပါက မီဒီယာဆင်ဆာ လျော့နည်းသွားမည်ဟု ဦးတင့်ဆွေက ဆွေးနွေးပွဲ တက်ရောက်လာသူများအား ပြောခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတက်ရောက်လာသည့် ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက “ဒီ ဥပဒေ အတည်ဖြစ်သွားရင်တော့ မီဒီယာ သမားတွေ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။
ထိုဥပဒေ၌ အခန်း ၁၀ ခန်းပါဝင်ပြီး စာရေးသူများ၊ စာနယ်ဇင်းသမားများ၏ ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ စာပေလွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည် ဖော်ရေးအတွက် စာနယ်ဇင်း ကော်မတီ၊ ပြည်တွင်း ပြည်ပ ထုတ်ဝေဖြန့်ချိခြင်း၊ ပြစ်ဒဏ်များ စသည်ဖြင့် ပါဝင်သည်။
ဆွေးနွေးပွဲအား Media Development in Democratic society ဟုအမည်ပေးထားပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများ တက်ရောက်၍ စာတမ်းများ ဖတ်ခြင်း၊ ဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး ပထမဆုံးသော မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ တခု လည်း ဖြစ်သည်။
ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ စသည့်နိုင်ငံများက စာတမ်းများ ဖတ်ခဲ့ပြီး VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း၊ The Voice ဂျာနယ်တို့မှလည်း လက်ရှိပြည်တွင်း မီဒီယာ အခြေအနေများနှင့် ပိုမိုလွတ်လပ်ခွင့် ရရှိရေး ကိစ္စများအကြောင်း စာတမ်းများ ဖတ်ကြားခဲ့သည်ဟု သိရသည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံမှ Asia Media Information Centre တို့က ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး မနက်ဖြန်တွင် ပြီးဆုံးမည် ဖြစ်သည်။
မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်တွင်းအခြေစိုက် မီဒီယာများအပြင်၊ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ ဖြစ်သည့် BBC (မြန်မာပိုင်း) ဌာနမှူး ဒေါ်တင်ထားဆွေ၊ မဇ္စျိမ သတင်းဌာနမှ တာဝန်ရှိသူများ အစ ရှိသူတို့လည်း တက်ရောက် ကြကြောင်းသိရသည်။

စီးပွားရေး အဆင့်မြှင့်ရန် စင်ကာပူ သင်တန်းများ ပေးမည်

 
မြန်မာနိုင်ငံ စီးပွားရေး အဆင့်မြှင့်ရန်နှင့် အနာဂတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုပွင့်လင်းလာစေရန် စင်ကာပူက သင်တန်းများ ပို့ချပေးရေး မြန်မာ-စင်ကာပူ နှစ်နိုင်ငံသဘောတူညီချက်ကို စင်ကာပူ၌ ယနေ့ လက်မှတ်ရေးထိုးသည်။
သမ္မတဖြစ်ပြီးနောက် အာဆီယံနိုင်ငံများအတွင်း ပထမဆုံး ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စင်ကာပူနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။
စင်ကာာပူ သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့က သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုစဉ် (ဓာတ်ပုံ-AP)
စင်ကာပူမှ ပို့ချပေးမည့် သင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး၊ အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ ပါဝင်မည်ဟု စင်ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် သဘောတူချက်အရ သိရှိရသည်။
စင်ကာပူသည် မြန်မာနိုင်ငံတွင် ၆ ခုမြောက် အများဆုံးရင်းနှီးမြှုပ်ထားသည့် နိုင်ငံဖြစ်သည်။ ယမန်နှစ် နှစ်ဘက်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိပြီး မြန်မာပြည်သို့ ပို့ကုန် သုံးပုံနှစ်ပုံမှာ စင်ကာပူမှ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတ တိုနီ တန် ကင် ယမ်၊ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဂုဏ်ထူးဆောင် စီနီယာဝန်ကြီး ဂိုချုပ်တောင်တို့နှင့် တွေ့ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ သမ္မတရုံး ဝန်ကြီးဌာနဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန်တို့ လိုက်ပါသွားသည်။
ဦးသိန်းစိန်သည် ၂၀၀၉ ခုနှစ်ကလည်း ဝန်ကြီးချုပ်အဖြစ် စင်ကာပူသို့ လာရောက်ခဲ့သေးသည်။
သမ္မတ ဦးသိန်းစိန်၏ အလည်အပတ် ခရီးမတိုင်မီ စင်ကာပူ၏ အကြီးဆုံး အိမ်မြေယာအရောင်းအဝယ် ကုမ္ပဏီကြီးဖြစ်သော Far East Organization က မြန်မာစာနယ်ဇင်းသမား ၇ ဦးကို စရိတ်စက အလုံးစုံ အကုန်အကျခံ၍ ဖိတ်ခေါ်ခဲ့သည်။
လွန်ခဲ့သည့် ၈ နှစ်တာအတွင်း မြန်မာ့ အိမ်ခြံမြေ ရောင်းဝယ်မှုဈေးကွက် မြင့်တက်လာသည်ကို ၎င်းတို့ သတိပြုမိခဲ့ကြောင်း၊ အနာဂတ်တွင် ပိုမို မြင့်တက်မည့် အလားအလာရှိကြောင်း Far East Organization ၏ အရောင်းဒါရိုက်တာ Shaw Lay See က မြန်မာစာနယ်ဇင်းသမားတဦးကို ပြောဆိုခဲ့သည်ဟု သိရသည်။
၎င်းတို့အနေဖြင့် ရန်ကုန်ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း စစ်တမ်းကောက်ယူနေကြောင်း သိရှိရသည်။
မြန်မာ့လွှတ်တော်တွင် နောက်လ၌ တင်သွင်းဆွေးနွေးမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်က နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ရေးကို အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။
အဆိုပါဥပဒေသစ်အရ မြန်မာအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ရှစ်နှစ်ကြာ အခွန်ကင်းလွတ်ခွင့် ပြုနိုင်လိမ့်မည်ဟု ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် ကမ္ဘာ့စီးပွားရေးညီလာခံ၌ စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောဆိုခဲ့သည်။
“သူတို့ (နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ) တွေက ကျနော်တို့ကို မြန်မြန်လုပ်စေချင်နေကြတယ်။ ကျနော်တို့ကလည်း တံခါးဖွင့်ကာစ ရှိသေးတယ်” ဟု ဦးစိုးသိန်းက AFP သတင်းဌာနသို့ ပြောထားသည်။
ဦးစိုးသိန်းက ဒါဗို့စ် ညီလာခံ၌ မြန်မာ့စီးပွားရေးသည် ၂၀၁၂ တွင် ၆ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်လင့်ကြောင်းလည်း ပြောသွားသည်။
စစ်အစိုးရနှင့် လက်ထက်ကတည်းက ဆက်ဆံရေးမပျက်ခဲ့သော စင်ကာပူသည် မြန်မာဆိုက်ဘာ ပိတ်ဆို့ရေး နည်းပညာ အကူအညီပေးခြင်းများ၊ သမားရိုးကျလက်နက် ရောင်းချမှုများနှင့် ရဲဝန်ထမ်းများကို သင်တန်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း Jane’s Intelligence Review စစ်ရေးစာစောင်တွင် ဖော်ပြထားသည်။
ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား၊ အေးရှားဝေါလ် စီးပွားလုပ်ငန်းများပိုင်ရှင် စတီဗင် လော ခေါ် ဦးထွန်းမြင့်နိုင်၏ ဇနီးသည် စင်ကာပူနိုင်ငံသူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဥပဒေအရ မြန်မာနိုင်ငံမှ သူမ၏ ကုမ္ပဏီ ၁၀ လည်း ပစ်မှတ်ထားခံခဲ့ရသည်။
စင်ကာပူအစိုးရသည် Initiative for ASEAN Integration (IAI) အစီအစဉ်အရ ၂၀၀၀ ပြည့်နှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်၏ စီမံမှုဖြင့် ရန်ကုန်ရှိ ယင်း မြန်မာ-စင်ကာပူ လေ့ကျင်သင်ကြားရေး စင်တာ၌ ၂၀၀၁ ခုနှစ်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးဘာသာရပ်များ ပို့ချပေးခဲ့သည်။
စင်ကာပူရှိ လီကွမ်ယူ ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ ဌာနမှူး ကီးရှိုးမာဘူဘာနီက “နိုင်ငံတကာက အီရန်ကို ကိုင်တွယ်ဖို့ဆိုရင် အာဆီယံက မြန်မာအစိုးရကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘယ်လို ကိုင်တွယ်ဆက်ဆံခဲ့တယ် ဆိုတာကို ကြည့်သင့်ပါတယ်။ တဖြည်းဖြည်းနဲ့ တရစ်ပြီးတရစ်သွားတဲ့ သံတမန်နည်းမှာ နောက်ဆုံးတော့ အဖြေထွက်လာတာပါပဲ။ မြန်မာနိုင်ငံဟာ ပွင့်လင်းတဲ့ နိုင်ငံရေးစနစ်ကို မယုံနိုင်လောက်အောင် တက်လှမ်းသွားပြီ” ဟု ဒါဗို့စ် စီးပွားရေးညီလာခံတွင် သုံးသပ်ပြောဆိုသွားသည်။

၅၀၀၀ တန် ဖုန်းကတ် သုံးနိုင်ရေး ဆက်ကြိုးစားမည်

 
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကာလတိုအတွင်း ဖြစ်နိုင်ခြေမရှိသေးဟု ဆိုသော ကျပ် ၅၀၀၀ တန် လက်ကိုင်ဖုန်း ဆင်း ကတ် များကို မကြာမီအချိန်အတွင်းရောင်းချနိုင်ရန် စီမံမည်ဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီက ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။
ကျပ် ၅၀၀၀ တန် လက်ကိုင်ဖုန်း ဆင်းကတ် များ ရောင်းချမည့် ရွှေပြည်တံခွန် ကုမ္ပဏီက ရန်ကုန်မြို့ ကုန်သည် ကြီးများ ဟိုတယ်တွင် ယနေ့ ဆွေးနွေးပွဲတရပ် ကျင်းပပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။
ကျပ် ၅၀၀၀ တန်ဖုန်းကတ်(ဓာတ်ပုံ - မက်ဆင်ဂျာ ဖေ့စ်ဘုတ်မှ)
“ရွှေပြည်တံခွန်မှ မူလကတိပေးခဲ့သည့်အတိုင်း လူတဦးမှတ်ပုံတင် တခုလျှင် ဆင်းကတ် တခု ၅၀၀၀ ကျပ်နှုန်းဖြင့် မကြာမီ အချိန်ကာလအတွင်း ရောင်းချပေးနိုင်ရန် နိုင်ငံတော်၏မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးပမ်းဆောင်ရွက်တော့မည်ဖြစ် ကြောင်း ပြည်သူလူထုအား အသိပေး တင်ပြအပ်ပါသည်”ဟု ရွှေပြည်တံခွန် ကုမ္ပဏီ၏ ယနေ့ နေ့စွဲဖြင့် အချက် ၅ ချက်ပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT) သို့ Second MNO (Mobile Network Operator) ဆောင်ရွက်ရန် တင်ပြ ထားပြီးဖြစ် ကြောင်းနှင့် နည်းပညာပိုင်းနှင့် စီးပွားရေးအခြေခံ Model ကိုသာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အဆိုပြု အသိပေးခြင်း ဖြစ် ကြောင်းလည်း ရွှေပြည်တံခွန်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယမန်နေ့ထုတ် အစိုးရသတင်းစာများ၌ “ဆက်သွယ်မှု ကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာလိုအပ်ခြင်းနှင့် တည်ဆဲ ဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ၎င်းကျပ် ၅၀၀၀ တန် ဖုန်းကိစ္စမှာ လောလောဆယ် တွင် ဖြစ်နိုင်ခြေ မရှိ သေး ကြောင်း” ဟူ၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန် ချက် ကို ဖော်ပြထားသည်။
မိုဘိုင်း ဖုန်း တလုံး ဆက်သွယ်ပြောဆိုနိုင်ရေးမှာ လုပ်ငန်းပိုင်းအနေဖြင့် မြေနေရာ ရှာဖွေ၍ ရေဒီယို စခန်းများ တည်ဆောက် ရခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာ တပ်ဆင်ရခြင်း၊ မြို့တွင်းဆက်သွယ်မှု၊ တမြို့နှင့် တမြို့ဆက်သွယ်မှုစသည့် ပင်မဆက် သွယ်ရေးဆိုင်ရာ ဆက်ကြောင်းများ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထား သည်။
ကျပ် ၅၀၀၀ တန် တယ်လီဖုန်းဆိုင်ရာ ရှင်းလင်းပွဲတရပ်ကို ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေးသင်တန်းကျောင်း၌ ယမန်နေ့ ကလည်း ကျင်းပခဲ့ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှ နှင့် တာဝန်ရှိသူများ၊ ရွှေပြည် တံခွန် ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးနှင့် တာဝန်ရှိသူများလည်း တက်ရောက် ဆွေးနွေးသည်ဟု သိရသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ဦးလွင်နိုင်ဦးက နိုင်ငံတကာတွင် မိုဘိုင်ဖုန်း ဈေးသက်သာမှုကိုထောက်ပြဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံ သားတိုင်း မိုဘိုင်းဖုန်း ဈေးနှုန်း အသက်သာဆုံးနှင့် သုံးစွဲစေချင်သည့်အတွက် ကျပ် ၅၀၀၀ တန် တယ်လီဖုန်း ဖြန့်ဖြူး ပေးနိုင် ရေး လုပ်ငန်း အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ဈေးအနည်းဆုံးနဲ့ ရောင်းနိုင်အောင်၊ လူတိုင်း လက်ကိုင်ဖုန်း သုံးနိုင်အောင် ကြိုးစားတာပါ”ဟု ဦးလွင်နိုင်ဦးက ပြောသည်။
အင်ဂျင်နီယာ ကျောင်းသားဟောင်း တဦးဖြစ်သူ ရန်ကုန်မြို့နေ ကိုဇော်ရဲဝင်းက မြန်မာ့ ဆက်သွယ်ရေး ဘက်က ပြောဆို နေ မှုများမှာ သဘာဝမကျကြောင်း၊ ရွှေပြည်တံခွန် ကုမ္ပဏီသည် နောက်ဆုံးပေါ် နည်းပညာများဖြင့် လူတိုင်း လက်ကိုင် ဖုန်း သုံးနိုင်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ နည်းပညာနှင့် စက်ပစ္စည်းများ၏ အခြေအနေ အရကိုပင် ကျပ် ၅၀၀၀ တန် ဖုန်း လူတိုင်းသုံးနိုင်ကြောင်း နောက်ကွယ်၌ အကြောင်းများကြောင့် ယခုကဲ့သို့ ဖြစ်နေခြင်းဟု ယူဆကြောင်း ပြောဆိုသည်။
“၅၀၀၀ တန်ဖုန်းပဲ စိတ်ဝင်စားပြီး မြန်မာ့ဆက်သွယ်ရေးက ရောင်းမယ့် ကျပ်၂ သိန်းခွဲ ၃ သိန်းတန်ဖုန်းတွေကို လူတွေက စိတ် မ၀င်စားဘူး၊ ဒီ့နောက်ကွယ်မှာ အခြားဈေးကြီးကြီးနဲ့ ရောင်းချလုပ်ကိုင်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဆီက လာဘ်ယူမှုတွေ နဲ့ ရှုပ်ထွေးနေလို့ ဒီကိစ္စ အကောင်အထည်မပေါ်ဘဲ ဖြစ်နေတာလို့လည်း သတင်းထွက်တယ်”ဟု ကိုဇော်ရဲဝင်းက ပြော သည်။
လက်ရှိ မြန်မာနိုင်ငံတွင် GSM ၊ CDMA 450 Mhz ၊ CDMA 800 Mhz မိုဘိုင်းဖုန်းများကိုအများဆုံးအသုံးပြုနေကြ သည်။ ထိုအထဲတွင် FEC ၅၀ နှင့် ၂၀ တန် တခါသုံး ဖုန်းကတ်များကိုလည်း ပါဝင်သည်။
ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တခါသုံး FEC ၂၀ တန် GSM မိုဘိုင်းဖုန်းကတ်နှင့် FEC ၅၀ တန် တခါသုံး CDMA 450 MHz ဖုန်းကတ်များကို၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ဒီဇင်ဘာ လမှစ၍ FEC ၂၀ တန် တခါသုံး ဖုန်းကတ်ရောင်းချမှုကိုလုံးဝရပ်ဆိုင်းခဲ့သော်လည်း မကြာခင်က ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။
“၂၀ တန်ရော၊ ၅၀ တန်ဖုန်းကတ်တွေက ပြည်တွင်းမှာ အမြဲနေတဲ့သူတွေအတွက်က ပိုက်ဆံကုန်တာနဲ့ ဖုန်းနံပါတ် ပြောင်းနေ တော့ အဆင်မပြေဘူး။ တခါတလေ မြန်မာနိုင်ငံကို အလည်လာသူတွေအတွက်တော့ အဆင်ပြေချင် ပြေမယ်”ဟု ကိုဇော်ရဲဝင်း က ဧရာဝတီကို ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် GSM ဆက်သွယ်ရေး ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၀ ခု၊ CDMA 800 MHzရေဒီယိုစခန်း ၄၂ ခု တို့ကိုဆောက်လုပ်လျက်ရှိရာ ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင်မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင် အထိ GSM ဖုန်း၅၀၀၀၀ ကျော် ၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ချထားပေးပြီးဖြစ်ကြောင်း သိရှိရ သည်။
မြန်မာနိုင်ငံ၌မိုဘိုင်းဖုန်းစနစ်ကို ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာ စနစ်ဖြင့် စတင်ခဲ့ပြီး၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင် သုံးစွဲခဲ့ကာ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ခဲ့သည်။ WCDMA ဖုန်းများကို ၂၀၀၈ ခုနှစ်နာဂစ် ဖြစ်ပွားပြီး နောက်ပိုင်း ပြည်သူများကို သုံးစွဲခွင့်ပြုခဲ့သည်။ CDMA 800 MHz ဖုန်းလိုင်းများကိုမူ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်သုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ် သည်။

Sunday 29 January 2012

ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် ကျင်းပရန်ရှိသည့်
မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကုလားတန်မြစ်ကြောင်း စီမံချက်နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြသွားမည်ဟု နယူးဒေလီရောက် ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ် (ခ) ဇိုဇမ် က ပြောသည်။

Bridging South and South East Asia ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ မြန်မာ့ နိုင်ငံရေး ပါတီ ၈ ခုမှ ကိုယ်စားလှယ်များ စနေနေ့က ရောက်ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေသော ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ဦးဇမ်ကျင့်ပေါ် က မဇ္ဈိမကို ပြောသည်။
Kaladanproject
“ပထမဆုံး ကျနော်ပြောချင်တာက အခုလုပ်နေတဲ့လုပ်ငန်းဟာ ဘာလုပ်နေတယ်၊ ပြည်သူ့အတွက် ဘာအကျိုးရှိနိုင်တယ်၊ ဘာအကျိုးတွေ ပျက်စီးသွားနိုင်သလဲဆိုတာကို ပွင့်လင်းမြင်သာစေချင်တယ်။ ကျနော်တို့ရဲ့နယ်မြေမှာ လုပ်နေတယ်ဆိုမှတော့ ကျနော်တို့က သိချင်တာပေါ့ဗျာ။ ကျနော်လေ့လာမိသလောက်က ကျနော်တို့ပြည်သူလူထု အကျိုးခံစားရဖို့က အင်မတန် နည်းပါတယ်။ အများဆုံးအကျိုးရှိမှာကတော့ အိန္ဒိယ အစိုးရပါပဲ။ အာဆီယံနဲ့ ဈေးလမ်းကြောင်းကြီး ဖောက်ဖို့လည်း ရည်ရွယ်တယ်” ဟု ပြောသည်။

စီမံချက်ကြောင့် ဒေသခံများ အကျိုးဖြစ်ထွန်းနိုင်မှုများကို ရေရေရာရာ မသိရသေးသော်လည်း မြစ်အတွင်း ပင်လယ်ဆားငန်ရေ၀င်မှုကြောင့် ထိခိုက်ပျက်စီးသွားမှာ သေချာကြောင်းလည်း ပြောသည်။

“မြစ်ကို နက်အောင်တူးလိုက်မယ်ဆိုရင် မြစ်အနက် ဘယ်လောက်ထိ တူးပေးရမလဲဆိုတာ အရေးကြီးတယ်။ တူးလိုက်ရင် ဆားငန်ရည်နဲ့ မျှတထိန်းညှိလို့ မရတော့ဘူးလေ။ မြစ်ထဲ ၀င်လာမှာ။ အဲဒီဆားငန်ရည်တွေကို မထိန်းနိုင်ရင် ကျနော်တို့ရဲ့ စပါးခင်းတွေ၊ ပဲခင်းတွေ ပျက်စီးသွားမှာပဲ။ နောက်ပြီး မြစ်နားက စိုက်ပျိုးလုပ်ကိုင်မှုတွေကလည်း သေချာပေါက် ပျက်စီးမှာပါ” ဟု ဦးဇမ်ကျင့်ပေါ် က ပြောသည်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းသည် ကုလားတန်မြစ်ကိုချဲ့ကာ စစ်တွေမှ ပလက်ဝ သို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

နယူးဒေလီဆွေးနွေးပွဲသို့ အာဏာရ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ချင်းအမျိုးသားပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်နှင့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ကြမည်ဖြစ်သည်။

မြန်မာ့အရေး ပြည်ပဆွေးနွေးပွဲအား ပထမဆုံးအကြိမ် တက်ရောက်လာခြင်းဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီပါတီမှ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟတ် က ပြောသည်။

“ကျနော်တို့ ဒီကိုလာတာ အဓိကတော့ လေ့လာချင်လို့ပါ။ နိုင်ငံတကာအတွေ့အကြုံ ရယူဖို့ပါ။ ဒီအစည်းအဝေး က ဆွေးနွေးကြတာတွေကို ပါတီက လူကြီးများကို ချပြပြီး အဲဒီက ဆုံးဖြတ်ချက်ကို ခံယူဖို့ အဓိကပါ” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးပါတီများအပြင် တမ္ပဒီပ၊ မေတ္တာ၊ ပေါင်းကူး၊ သင်္ဂဟ စသည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

Jamia Millia Islamia တက္ကသိုလ်နှင့် India Internationak Centre တို့တွင် နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲများ Jamia Millia Islamia တက္ကသိုလ်၊ Tampadipa Institute နှင့် ဥရောပမြန်မာရုံး EBO တို့ ပူးပေါင်းစီစဉ်ကြခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယ လွှတ်တော်အမတ်များ၊ သံအမတ်ကြီးများ၊ တက္ကသိုလ်ပါမောက္ခများ၊ နိုင်ငံခြားရေးဌာန အတွင်းဝန်ဟောင်းများအပြင် နာဂလန်းပြည်နယ် ၀န်ကြီးချုပ်လည်း တက်ရောက်မည်ဟု
ဆွေးနွေးပွဲစီစဉ်သူတဦးက ပြောသည်။

ပြင်သင့်တဲ့ ဥပဒေများကို ပြင်ဘို့ ကြိုးပမ်းမယ်

2012-01-29
မိမိ လွှတ်တော်ထဲကို ရောက်ရင် ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ကြိုးစား သွားမယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

DaweiMyoDaw Facebook Page
ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက် က ထားဝယ်မြို့ကိုလေယာဉ်နဲ့ ရောက်ရှိလာချိန်မှာ မြို့ခံ ပြည်သူလူထု သိန်းနဲ့ချီပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ လာရောက်အားပေးတဲ့ ပြည်သူတွေကို မိန့်ခွန်း ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ပြင်သင့်တာတွေကို လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မောင်းမကန်ကမ်းခြေဘက်က ကျေးရွာတွေကိုလည်း သွားရောက်ခဲ့ပြီး လောင်းလုံမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးအတွက် စည်းရုံးဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ထားဝယ်မြို့က NLD ပါတီတိုင်းရုံး ဆိုင်းဘုတ်တင်အခမ်းအနားကိုလည်းဖွင့်လှစ် ပေးခဲ့ပါတယ်။
တနင်္သာရီတိုင်း ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီဥက္ကဌအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးနယ်စည်းရုံးရေးခရီးစဉ်လည်းဖြစ်ပါတယ်။

လွတ်လာတဲ့အလုပ်သမားရေးဆောင်ရွက်သူတွေကို ILO အရာရှိချုပ်တွေ့ဆုံ

2012-01-29
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။
AFP
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ဂေးရိုက်ဒါ ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လာရောက်တွေ့ဆုံခဲ့သည်။
အဲဒီ အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ ကိုကျော်ကျော်၊ ကိုညီညီဇော်၊ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်းတို့ဖြစ်ကြပြီး၊ သူတို့ဟာ ၂၀၀၇ ခုနှစ် မေလက ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မေဒေးနေ့ဟောပြောပွဲ ကျင်းပတဲ့ကိစ္စနဲ့ပတ်သက်လို့ ထောင်အနှစ် ၂၀ စီ ချမှတ်ခံခဲ့ရတာ ဖြစ်ပါ တယ်။
သူတို့ကို ILO ရုံးက ကျန်းမာရေးစစ်ဆေးရာမှာ အကူအညီပေးတယ်လို့ သွားရောက်တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ အလုပ်သမားသမဂ္ဂတွေပေါ်ပေါက်ရေးနဲ့အလုပ်သမားအခွင့်အရေးတွေ နားလည်အောင် ILO အကူအညီနဲ့ ပညာပေးဆွေးနွေးပွဲတွေဆောင်ရွက်ဖို့အစီအစဉ်ရှိတယ်လို့ လည်း ပြောပါတယ်။

လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်

2012-01-29
မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေက အာအက်ဖ်အေကို ပြောပါတယ်။
www.nldburma.org
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးသိပ္ပံ သင်တန်း။ (www.nldburma.org)
ခုလိုလျောက်လွာ လာတင်သူတွေဟာ ဥပဒေရေးရာ သိရှိသူတွေဖြစ်တာကြောင့် လာမယ့် ဧပြီ လ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှင်းလင်းနိုင်မယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဥပဒေပါ မဲရုံစောင့်၊ မဲရုံမှူးတို့ရဲ့ တာဝန်တွေ၊ လွတ်တော်ကိုယ်စလှယ်တွေရဲ့ ဆောင်ရန် ရှောင်ရန်ကိစ္စတွေစတဲ့ ဥပဒေအချက်အလက်တွေကို အများသိရှိနားလည်လာအောင် ရှင်းလင်းဟောပြောကြဖို့ကိုလည်း တာဝန်ပေးလိုက်အပ်တယ်လို့ ဦးမျိုးဆွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ

2012-01-29
သမ္မတ ဦးသိန်းစိန်နဲ့ မိသားစုဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကနေ စင်္ကာပူနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပါတယ်။
AFP
Burmese President Thein Sein (C) arrives in Indonesia's Bali island resort to attend an ASEAN summit, Nov. 16.
ပြီးခဲ့တဲ့ မတ်လ သမ္မတအဖြစ် အာဏာရယူပြီးကတည်းက စင်္ကာပူနိုင်ငံကို သမ္မတ ဦးသိန်းစိန် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက သမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး K Shanmugam နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က စင်္ကာပူ အစိုးရက နာဂစ်မုန်တိုင်းသင့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ကျေးရွာ ၂၅ အတွက် အ၀ီစိတွင်း တွေလှူဒါန်းခဲ့ပါတယ်။
စင်္ကာပူဟာ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗြိတိန် စတဲ့နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု နံပါတ် ၆ မြောက် နိုင်ငံဖြစ်ပြီး ၂၀၁၀-၁၀၁၁ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ဖိုး ရင်းနှီးမြှပ်နှံထားပါတယ်။

Sunday, January 29, 2012

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၂၉)ရက် ၂၀၁၂

ရှမ်းပြည်အခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ (၄) နယ်မြေ မော်ဟန် (Maw Han(Nawng Chu) ဒသတွင် မြန်မာအစိုးရ စစ်တပ် ခလရ(၄၅) တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၂၉) တပ်ဖွဲ့ ဝင် တို့  ဇန်န၀ါရီ(၂၈)ရက် မနက်(၇း၀၀) နာရီခန့် မှ (၈း၀၀) နာရီ အချိန်ခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ မန်မောင်(Man Mau) နှင့် မော်ရွှေ(Maw Swe) ကျေးရွာကြားတွင် ကေအိုင်အေ တပ်ရင်း(၈)မှတပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၅၀၁)တပ်ဖွဲ့ တို့ ဇန်န၀ါရီ(၂၈)ရက် မွန်းလွဲ (၁း၃၀)နာရီခန့် အချိန်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအား မသိရှိရသေးပါ။

Source (Kachinnet)

Saturday 28 January 2012

မြောက်ပိုင်း ABSDF က လူသတ်မှုများ

2012-01-28
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ လွန်ခဲ့တဲ့နှစ် ၂၀ က ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
(Lee Yu Kyung/EPN)
ထိုင်း- မြန်မာနယ်စပ်ရှိ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) ၏ ဝေးကြီး ဗဟိုဌာနချုပ်တွင် နေ့လည်စာ စားနေကြသော ABSDF တပ်ဖွဲ့ဝင်များကို ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။
၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ ကျောင်းသား ရဲဘော်အနည်းဆုံး (၁၅) ဦးကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညှဉ်းပန်းသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ သူလျှိုအဖြစ် အစွပ်စွဲခံရပြီး ကျောင်းသား တပ်မတော်အချုပ်ထဲ အကျဉ်းချခံခဲ့ရသူ ပန်းချီထိန်လင်း (လက်ရှိ လန်ဒန်) က မြောက်ပိုင်းခေါင်းဆောင်တွေ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း၊ ဒီဖြစ်ရပ်ဟာ အုပ်စုနှစ်စုကြား အာဏာလုရာက ပေါ်ပေါက်လာခဲ့တာ ဖြစ်ကြောင်း၊ နောက်ဆုံးမှာ အခြားသူတွေနဲ့အတူ သူကိုယ်တိုင် အချုပ်ကနေ တရုတ်နယ်စပ်ဖက်ကို ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း RFA ကို ထုတ်ဖေါ်ပြောဆိုပါတယ်။ ကျောင်းသား တပ်မတော်မြောက်ပိုင်းမှာ အဲဒီအချိန်က ခေါင်းဆောင်ဖြစ်တဲ့ ABSDF ဗဟိုကော်မတီဝင်ဟောင်း ကိုအောင်နိုင်ကတော့ အဲဒီအချိန်က အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အတိုင်း တာဝန်အရ လုပ်ကိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး အတွက် ABSDFအဖွဲ့က စုံစမ်းစစ်ဆေးရာမှာ သူ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

SSPP နဲ့ အစိုးရ အပစ်ရပ် လက်မှတ်ထိုး

2012-01-28
ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ တောင်ကြီးမြို့မှာ ဒီကနေ့ နေ့လည်က သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။
(Photo: AFP)
ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆာင် ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်တဲ့ ၅ ဦးပါအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် စောဝ်ခွန်ဆရမ် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ တောင်ကြီးမြို့ ပြည်နယ် ၀န်ကြီးချုပ်ရုံးမှာ ဒီကနေ့ နေ့လည် ၂ နာရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ ချက် သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ နေရာတွေမှာလည်း ဆက်ဆံရေးရုံးတွေ ဖွင့်သွားမှာဖြစ်သလို သဘော တူညီထားတဲ့ နယ်မြေကလွဲလို့ တခြားနယ်မြေတွေကို သွားလာလိုလျှင် လက်နက်ကိုင်ဆောင် သွားလာခွင့်ကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်သွားဖို့နဲ့ ပြည်တောင်စုအဆင့် တာဝန်ရှိသူတွေနဲ့ နှစ်ဘက် အဆင်ပြေချိန်မှာ တွေ့ဆုံပြီး နယ်မြေတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ တပ်ဖွဲ့ဝင်များ အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး အပါအ၀င် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။ တဆက်တည်းမှာပဲ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ၆ ဦးပါအဖွဲ့နဲ့ SSA ရှမ်းပြည် မြောက်ပိုင်းငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ၅ ဦးတို့ဆက်လက် တွေ့ဆုံခဲ့ကြပြီး အချက် ၅ ချက်ပါ သဘော တူညီချက်တွေကို ညနေ ၄ နာရီမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ လက်မှတ် ထိုးခဲ့ကြတယ်လို့ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။ ဒါ့အပြင် မူးယစ် ဆေးဝါးကင်းစင် ပပျောက်ရေး အတွက် ပြည်တောင်စု အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အပါအ၀င် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးနဲ့ ဆက်လက် ဆွေးနွေးမှုတွေ လုပ်သွားဖို့ နှစ်ဘက် သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။