Showing posts with label MIZZIMA NEW. Show all posts
Showing posts with label MIZZIMA NEW. Show all posts

Tuesday 10 January 2012

MIZZIMA NEW

အမေရိကန် ကိုယ်စားလှယ်နှစ်ဦး ထပ်မံရောက်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အထူးသံ လူးဝစ်ဆီဒါဘက်ကာတို့နှစ်ဦး နေပြည်တော်သို့ တနင်္လာနေ့က ရောက်ရှိ လာကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ၂ဝ၁၁ ခု ဒီဇင်ဘာတွင် အတူပါလာခဲ့ဖူးသည့် ဒဲရစ်မစ်ချဲ အတွက် ခရီးစဉ်အပြီး တလ မပြည့်မီ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး လူးဝစ်ဆီဒါဘက်ကာ အတွက် မူ ပထမဆုံး အကြိမ်
ဖြစ်သည်။

လူးဝစ်ဆီဒါဘက်ကာသည် သူ၏ သုံးရက်ကြာ ခရီးစဉ်အတွင်း အစိုးရက ဖွဲ့စည်းထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်လည်း တွေ့ဆုံမည်ဟု ဆိုထားသော်လည်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကမူ တရားဝင် အကြောင်းကြားချက် မရရှိသေးဟု မဇ္ဈိမကို ပြောသည်။
dasskanddelmischel1
မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲ (ဓါတ်ပုံ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်ကလည်း လူးဝစ်ဆီဒါဘက်ကာနှင့်
ဒေါ်အောင်ဆန်းစုကြည်တွေ့ရန် မရှိကြောင်း သိထားသော်လည်း ဒဲရစ်မစ်ချဲနှင့် တွေ့မတွေ့ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း မဇ္ဈိမကို ပြောသည်။

ဒဲရစ်မစ်ချဲသည် မြန်မာနိုင်ငံတွင် ရှိနေစဉ် အမေရိကန်နိုင်ငံတကာဖွံဖြိုးရေးရန်ပုံငွေ USAID က ဆောင်ရွက်နေသည့် အထက်မြန်မာပြည် အပူပိုင်းဒေသ အသေးစားငွေချေးမှု လုပ်ငန်းများကို လည်း သွားရောက်လေ့လာမည်ဟု သိရသည်။

မစ္စတာမစ်ချဲသည် သူ၏ သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းသို့လည်း သွားရောက်မည်ဖြစ်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ထိုင်း အာဏာပိုင်များနှင့်လည်း တွေ့ဆုံမည်
ဖြစ်ကြောင်း ဗီအိုအေ သတင်းတရပ်တွင် ဖော်ပြထားသည်။

အစိုးရအသစ် တက်ပြီးနောက်ပိုင်း ဥရောပနှင့် အနောက်နိုင်ငံမှ သံတမန်များ ဆက်တိုက် လာရောက်လျက်ရှိရာ ဒိန်းမတ်နိုင်ငံဖွံ့ဖြိုးမှုဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့လည်း ဇန်နဝါရီလ ၆ ရက်နေ့ ရောက်ရှိနေပြီး  UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ကို မြန်မာနိုင်ငံ ပညာရေးလုပ်ငန်းများတွင် သုံးစွဲရန် အမေရိကန်ဒေါ်လာ ၄ သန်းခွဲ လှူဒါန်းခဲ့သည်။

သူသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဇန်နဝါရီ ၆ ရက်နေ့ ညနေက တွေ့ဆုံခဲ့ပြီး
နောက် ပြည်တွင်း NGO လေးခုနှင့်တွေ့ဆုံစဉ် အကူအညီများ နှစ်ဆ ပိုပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း မင်္ဂလာမြန်မာ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။

ဒိန်းမက် ဝန်ကြီးသည် ဦးမောင်မောင်စိုးတင် (နယ်စပ်ဒေသဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးငွေသိန်း (လူ့စွမ်းအားဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးဘော်ဘီ (နာဂစ်အက်ရှင်) နှင့် ဒေါက်တာဖုန်းဝင်း (မင်္ဂလာမြန်မာအဖွဲ့) တို့နှင့် တွေ့ခဲ့ပြီး တနင်္လာနေ့ညနေတွင်
ပြန်မည် ဖြစ်သည်။

MIZZIMA NEW

NLD ခေါင်းဆောင်မှု ပုံသဏ္ဍာန် ပြောင်းလဲဖွဲ့စည်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။         ။ ဒေါ်အောင်ဆန်းစုကြည် အား CEC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ အဖွဲ့၏ နာယက အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။
opening-ceremony-of-nld-new-signboard-3
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီဝင်များကို ပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အခါမှာ ပါတီရဲ့ ဖွဲ့စည်းပုံကို ကျနော်တို့ တင်ရတယ်။ သဘာပတိရှိမယ်။ CEC ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပြန်လည် ဖွဲ့စည်းပါတယ်။ လက်ရှိ အခြေအနေအရ ပါတီရဲ့ အုပ်ချုပ်မှုအတွက် ပထပမဆုံး ပြန်လည် အတည်ပြု ဖွဲ့စည်းတဲ့ သဘောပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေမှာ ကျန်းမာရေးအရ အနားယူထားသည်မှာ ကြာပြီဖြစ်ကြောင်း ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ အသက် ၈၀ ကျော်အရွယ်တွေက ကျန်တဲ့လူတွေကို နေရာဖယ်ပေးလို့ ရအောင်၊ တခြားအခန်းကဏ္ဍ
တွေ လုပ်နိုင်အောင် ပါတီရဲ့ သဘာသပတိအဖွဲ့ လုပ်မယ်။ လူသစ်တွေတော့ မရွေးရသေးဘူး”ဟု ပြောသည်။

NLD ပါတီမှာ ၁၉၈၈ စက်တင်္ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ယခုကာလအထိ ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။ ယခုခေါင်းဆောင်မှု ပုံစံသစ်အားလည်း CEC အဖွဲ့ဝင်များကသာ ပြောင်းလဲ ပြင်ဆင်လိုက်ခြင်း
ဖြစ်သည်။

CEC အဖွဲ့ဝင်များကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီဝင် လျှောက်လွှာများကို တိုင်းနှင့် ပြည်နယ်အလိုက်
ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သည့်နေရာ ၄၈ နေရာလုံးတွင် NLD က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ နေပြည်တော် လေးနေရာတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္လာနေ့တွင်ပင် ရန်ကုန်မြို့ ဗဟိုအောင်နိုင်ရေးအဖွဲ့များနှင့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု မန္တလေးတိုင်း
အောင်နိုင်ရေး အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အတွေ့အကြုံ ရှိသူ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များကို ဦးစားပေးမည်ဟု ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် သုံးနေရာတွင် NLD ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မြို့နယ်တွင် ဦးဒါ့ရှီလဆိုင်း၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်တွင် ၁၉၉၀ အနိုင်ရအမတ် ဦးထွန်းကြည်နှင့် ဗန်းမော်မြို့နယ်တွင်
ပြည်နယ် စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ်ထားသည်ဟု သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် စည်းကော်မတီ ဥက္ကဋ္ဌ ဦလှိုင်အေး၊ စစ်ကိုင်းတိုင်း ပုလဲမြိုကနယ်တွင် ဦးအောင်ရှင်၊ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကိုယ်စားလှယ်လောင်း အဖြစ် ဗဟိုတရားရုံး
ရှေ့နေ ဦးခင်မောင်လတ်၏ အမည်စာရင်းကို တင်သွင်းထားသည်ဟု သိရသည်။

နာယက အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ဦးစီး၍ “ဒီလှိုင်း” “D-Wave”စာစောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပထမဆုံးစာစောင်အဖြစ် ဖြန့်ဝေသွားရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းပြည်ပ ဆောင်းပါးရှင်များ၏ ဆောင်းပါးများ၊ ပါတီမူဝါဒနှင့် လှုပ်ရှားမှု သတင်းများ ထည့်သွင်းဖော်ပြသွားရန် စီစဉ်နေသည်ဟု ဦးဝင်းတင်က ပြောသည်။

MIZZIMA NEW

The Lady ထိုင်းမှာ ရုံတင်တော့မည်

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးနှင့် မိသားစုဘဝတို့ကို ဇာတ်လမ်းဆင် ရိုက်ကူးထား သည့် The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ တဝှန်းတွင် ဖေဖော်ဝါရီ ၂ ရက်နေ့၌ စတင်ရုံတင်ပြသမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင် ကြော်ငြာထားသည်။

နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီးတယောက်၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှုအကြာင်းလည်း
ဖြစ်သည်ဟုဆိုသည်။

ပြင်သစ်ဒါရိုက်တာ Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားသည်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse  နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည်။

Thursday 5 January 2012

MIZZIMA NEW

ဒီမိုကရေစီ ပီသဖို့ နိုင်/ကျဉ်းများကို လွှတ်ရန်လို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။        ။ ယခင်စစ်အစိုးရနှင့် မတူဘဲ ဒီမိုကရေစီနိုင်ငံ ထူထောင်နေကြောင်း သက်သေပြလိုလျှင် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်
ကြောင်း သတင်းစာဆရာများက ပြောဆိုလိုက်သည်။

“အစိုးရက ဒီမိုကရေစီဆိုပြီးတော့ ကြွေးကြော်နေတယ်ဆိုရင် ဒီမိုကရေစီ တောင်းဆိုခြင်းကြောင့် ဖမ်းဆီးထားတဲ့
နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲမှာ မထားသင့်တော့ဘူး” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် သတင်းစာဆရာကြီး ဦးဝင်းတင် က မဇ္ဈိမကို ပြောသည်။

အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမှန်တကယ်ပင် လိုလားမှု ရှိသည်ဆိုလျင် နိုင်ငံရေး အကျဉ်းသားများ တယောက်မျှ မရှိသင့်တော့ဟု ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်ကလည်း ပြောသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုရင်တော့ နိုင်ငံရေးကြောင့် အကျဉ်းကျနေ တဲ့ သူတွေဆိုတာ မရှိသင့်တော့ဘူးပေါ့ဗျာ၊ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တာပေါ့” ဟု ဦးဖေမြင့်က မဇ္ဈိမကို
ပြောသည်။

အစိုးရသစ်အနေဖြင့် ယခင်စစ်အစိုးရနှင့် မတူဘဲ ဒီမိုကရေစီ အစိုးရတရပ်အဖြစ် ပြသနိုင်ဘို့အတွက် ယခင်အစိုးရ လက်ထက်က ဖမ်းစီးထားသော အကျဉ်းသားများကို လွှတ်ပေးဖို့ ရန်ကုန် မီဒီယာ အဖွဲ့ ဥက္ကဌ ဦးကိုကို က တိုက်တွန်း ပြောဆိုသည်။

“အကုန်လုံး လွှတ်ပေးပါလို့လည်း အစိုးရကို ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ လွှတ်ပေးမှလည်းပဲ ရှေ့ဆက် သွားမယ့် ပြုပြင်ပြောင်းလဲမယ့် နိုင်ငံတကာရဲ့ ထောက်ခံမှုအတွက်ပေါ့လေ။ ဒီလိုမျိုး လွှတ်ပေးခြင်းအားဖြင့် အခက်အခဲ မရှိဘူး။ အကုန်လုံးက တိုင်းပြည်ချစ်တဲ့လူတွေ ဖြစ်တဲ့အတွက် တိုင်းပြည် ဆူပူအောင် မလုပ်ကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာတဲ့ အတွက်ကြောင့် စိတ်ပူပန်မှုတွေ အားလုံးက အလိုလို ထိန်းကျောင်းသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဦးကိုကို က မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီအစိုးရအဖြစ် ကြွေးကြော်နေသော်လည်း ၎င်းတို့သည် မူလက စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်ကာ ယင်းအချိန်က ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို ရန်သူအဖြစ် သတ်မှတ်နေဆဲဖြစ်သဖြင့် လွှတ်မပေးဘဲ ထိန်းချုပ်ထားခြင်းမျိုးဟု ယူဆကြောင်း ဦးဝင်းတင်က ပြောသည်။

“ဦးသိန်းစိန်တို့ ပျော့ပြောင်းတာကို အသုံးကျတယ်လို့ယူဆတဲ့ သူတွေနဲ့ ပျော့ကို ပျော့ပြောင်းချင်စိတ် မရှိဘူး ဆိုတဲ့ လူတွေ၊ ခေါင်းမာ ဂိုဏ်းတွေနဲ့ သူတို့ထဲမှာ လွန်ဆွဲနေတယ်လို့ ထင်တယ်။ အဲဒီလို လွန်ဆွဲနေခြင်းကြောင့် ဦးသိန်းစိန်တို့က လွှတ်ပေး ချင်တယ် ဆိုရင်တောင်မှ၊ သူရရွှေမန်းတို့ ဦးခင်အောင်မြင့်တို့က လွှတ်ပေးချင်တဲ့ဆန္ဒ ရှိရင်တောင်မှ သူတို့ထက်ခေါင်းမာတဲ့ လူတွေရှိနိုင်တာပေါ့။ အဲဒီလူတွေက သူတို့ထဲမှာ မလွှတ်ဖို့ တွန်းနေတယ်လို့ ကျနော်ထင်တယ်” ဟု သူက ပြောသည်။

ဇန်နဝါရီ ၂ ရက်နေ့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ သမ္မတ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လျှော့ပေါ့ခြင်းထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် ၁၅၇၁ ဦးအနက်မှ လွတ်ရက်စေ့နှင့် လွတ်ရက်နီး နိုင်ငံရေး အကျဉ်းသား ၃၄ ဦးသာ လွတ်မြောက်ခဲ့ပြီး ထောင်ဒဏ် ၆၅ နှစ်စီ ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ
နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ လွတ်မြောက်လာခြင်း မရှိပေ။

နိုဝင်ဘာလတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်အား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပါမည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက  ကတိပေးခဲ့သေးသည်။ သို့သော် ယခု ထောင်ဒဏ် လျှော့ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကိုမူ စိတ်ပျက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က အင်္ဂါနေ့က ဝါရှင်တန်တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

MIZZIMA NEW

မှားယွင်းတဲ့ စနစ်ကို ပြည်သူ လက်မခံဘူးဆိုတာ ပြလိုက်တာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။        ။ ‘အဲ့ဒီအခန်းဖြတ်’ ရုပ်ရှင် ဇာတ်လမ်းတို ပရိတ်သတ် အကြိုက်ဆုံး ဆုရရှိခြင်းသည် မြန်မာ
နိုင်ငံ ဝန်ကြီးဌာနများမှ ဝန်ထမ်းအချို့၏ လုပ်ရပ်များကို အများပြည်သူမှ လက်မခံကြောင်း ပြသသည့် ပြယုဂ်
ဖြစ်သည်ဟု ဒါရိုက်တာဝိုင်း က ပြောသည်။

"ကျနော်တို့ ရုပ်ရှင်လောကမှာ ဖြစ်နေတာတွေ မှားယွင်းတဲ့ စနစ်တခုကို ပြည်သူထု ပရိသတ်က လက်မခံတဲ့ ပြယုဂ် တခုပါ။ ကျနော်တို့နိုင်ငံရဲ့ မှားယွင်းတဲ့ စနစ်တွေရယ် ဝန်ကြီးဌာနတိုင်း ဝန်ကြီးဌာနတိုင်းက ကိုယ့်ဘာသာ ကိုယ် ကာကွယ်နေတာတွေကို ပြည်သူလူထုက လက်မခံဘူးဆိုတာကို ပြသတဲ့ ပြယုဂ်တခုလို့ ကျနော်ထင်ပါတယ်။" ဟု ဝိုင်း က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော် တွင် ပရိသတ်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်လမ်းကို ရွေးချယ်ရာတွင် မဲပေးသူ တသောင်းကျော် အနက် ၇,ဝဝဝ ကျော် က အကြိုက်ဆုံးကားအဖြစ် ‘အဲ့ဒီအခန်းဖြတ်’ ဇာတ်ကားကို ရွေးချယ် မဲပေးခဲ့ခြင်းဖြစ်သည်။

freedomfilm4

လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဇန်နဝါရီလ ၄ ရက် ၂ဝ၁၂ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) တော်ဝင်စင်တာ၊ သတ္တမထပ်တွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ ပရိသတ် ၁၅ဝဝ ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်။ လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: လွတ်လပ်ခြင်းအနုပညာပွဲတော်တွင် အကောင်းဆုံး Animation ဇာတ်ကားဆုရ ဒါရိုက်တာဇော်ဘိုဘိုဟိန်းနှင့် ဆုနှင့်ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ပေးသည့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဇန်နဝါရီလ ၄ ရက် ၂ဝ၁၂ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: လူငယ်ဒါရိုက်တာဆု ရရှိသူ ဒါရိုက်တာ အောင်ဇော်မိုး (အသက် ၁၉ နှစ်)အား ဆုနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဇန်နဝါရီလ ၄ ရက် ၂ဝ၁၂ ခုနှစ် ညပိုင်းက လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) လူငယ်တဦးအကြောင်း ကင်မရာ အလှုပ်ရိုက်ချက်များ ညအမှောင်ရိုက်ချက်များဖြင့် တင်ပြထားသည့် အဆိုပါကားသည် ပွဲတော်အတွင်း ပြသစဉ် ပရိတ်သတ် ဝေဖန်မှု အများဆုံး ဇာတ်ကားတခု ဖြစ်ကြောင်း ပြပွဲတွင် ပါဝင်ကူညီခဲ့သူများက ဆိုသည်။ လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားတွင် ပြုလုပ်သည့် ပရဟိတ လုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်း အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က လှိုင်မြို့နယ် မေတ္တာဝါဒီ ဟင်္သာတကျောင်းတိုက် ဆရာတော်အား အလှူငွေပေးအပ်နေသည်ကို ဇန်နဝါရီလ ၄ ရက် ၂ဝ၁၂ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: ရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားတွင် လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားအပြီး ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ပိုးဖြူ၊ ဂေါ်ဇီလာနှင့် သီးလေးသီးအဖွဲ့သားများက လာရောက်သည့် ဧည့်ပရိသတ်များကို အငြိမ့်ဖြင့် ကပြဖျော်ဖြေစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) လွတ်လပ်ခြင်း အနုပညာပွဲတော် ဆုချီးမြှင့်ပွဲ :: ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားအပြီး ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ပိုးဖြူ၊ ဂေါ်ဇီလာနှင့် သီးလေးသီးအဖွဲ့သားများက လာရောက်သည့် ဧည့်ပရိသတ်များကို အငြိမ့်ဖြင့် ကပြဖျော်ဖြေစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပေးသည့် ကိစ္စ၊ လွှတ်တော်၊ သမ္မတအပါအဝင် အစိုးရအဖွဲ့တို့၏ အနေအထားကို ဟာသလုပ်တင်ဆက်သည့် ပျက်လုံးများကြောင့် အငြိမ့်အစီအစဉ်ကို ပရိသတ်များ အကြိုက်တွေ့ခဲ့ရသည်။

‘အဲ့ဒီအခန်းဖြတ်’သည် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေးစသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့မှ ယင်းတို့ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်းဖြစ်ရာ ပရိသတ် အကြိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

The art of freedom film festival ဟုအမည်ပေးထားသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် “လွတ်လပ်ခြင်း” ဟူသည့် အဓိပ္ပါယ်ကို ထင်ဟပ်စေသည့် ရုပ်ရှင်ဇာတ်လမ်းများ
ကို ရိုက်ကူးတင်ဆက်စေခြင်းဖြစ်သည်။

ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတိုဆုကို ဒါရိုက်တာမင်းသိုက် ၏ ‘ကြိုး’၊ အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ၏ ‘Freedom and unity’၊ အသက်အငယ်ဆုံး ဒါရိုက်တာဆုကို
‘Still in the dark’ ဇာတ်ကားဖြင့် ၁၉ နှစ်အရွယ် ဒါရိုက်တာ အောင်ဇော်မိုး၊ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary film) ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင် ၏ ‘Click In Fear’ နှင့် ပရိသတ် အကြိုက်ဆုံး ရုပ်ရှင်ကားကို ဒါရိုက်တာ ဝိုင်း ‘အဲ့ဒီအခန်းဖြတ်’ ရုပ်ရှင်ကားတို့ ရရှိခဲ့ကြသည်။

ဒါရိုက်တာများက ပေးပို့လာသည့် ၁၈၈ ကားမှ ဆန်ကာတင် ၅၄ ကားရွေးချယ်ကာ အထက်ပါ ရုပ်ရှင် ၅ ကားကို
ရွေးချယ် ဆုပေးခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ ရွေးချယ်တဲ့ ၅ ကားလုံးက အဲဒီ Freedom ဆိုတဲ့ အဓိပ္ပါယ်ကို သူတို့အနုပညာ၊ သူတို့ အတတ်ပညာနဲ့
ဖေါ်ဆောင်နိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်" ဟုလည်း ဆုရွေးချယ်ရေး ကော်မတီဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

ပွဲတော်မတိုင်ခင် ရုပ်ရှင်ကားအချို့ အင်တာနက်ပေါ်တွင် ပြန့်နှံ့လာခဲ့ရာ ပြိုင်ပွဲစည်းကမ်းနှင့် မညီခြင်းကြောင့် ပယ်ဖျက်ရန် စဉ်းစားခဲ့သော်လည်း ကာယကံရှင်များ၏ ဖြေရှင်းစာ ရေးသားပေးပို့မှုကြောင့် ပြန်လည် လက်ခံခဲ့ခြင်း ဟုလည်း မင်းထင်ကိုကိုကြီးက ပြောသည်။

"နောက်နှစ်တွေမှာတော့ ကျနော်တို့ စည်းကမ်းချက်တွေကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်သွားမှာ ဖြစ်ပါ တယ်။ ဒီဟာကတော့ ကျနော်တို့ ပထမဆုံး ရုပ်ရှင်ပွဲတော်ဖြစ်လို့ လျှော့ပေးထားပါတယ်" ဟုလည်း သူက ပြောသည်။

ဆုရရုပ်ရှင်ကားများကို အတိုက်အခံခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်ခဲ့ပြီး ဆုကြေးငွေမှာ တကားချင်းစီအတွက် ကျပ်ငွေ ၁ဝ သိန်း ဖြစ်သည်ဟုလည်း သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ရုပ်ရှင်ဒါရိုက်တာ သုံးဦးကို အခြား ရုပ်ရှင်ကားများ ထုတ်လုပ်နိုင်ရန် ဂျာမဏီနိုင်ငံမှ ရုပ်ရှင်ဒါရိုက်တာများနှင့် ရုပ်ရှင်ပညာရှင်များက အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ ပံ့ပိုးပေးမည် ဖြစ်ပြီး ထိုမှ ထုတ်လုပ်လိုက်သည့် ရုပ်ရှင်ကားများကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ပေးပို့ ယှဉ်ပြိုင်စေမည် ဖြစ်သည်။

ဆန်ကာတင် ရွေးချယ်ခံခဲ့ရသည့် ရုပ်ရှင်ကား ၅၄ ကားမှ ဒါရိုက်တာများထဲမှ ၂၀ ဦးကို ရွေးချယ်ကာ ယခုလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ အမေရိကန် စင်တာတွင် အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်မည်ဟုလည်း သိရသည်။

‘လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်’ တွင် ပရိသတ်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့သည့် ဒါရိုက်တာဝိုင်း က "ကျနော်ကတော့ လောလောဆယ်မှာ ပီတိဖြစ်နေတယ်။ ဝမ်းသာနေတယ်။ Youtube ပေါ်မှာကြည့်တဲ့ ပရိသတ်တွေကော ကျနော့်ရဲ့ ပရိသတ်အားလုံးကို Special Thanks ပါ။" ဟု မဇ္ဈိမကို ပြောဆိုသွားခဲ့သည်။

MIZZIMA NEW

တိုက်ပွဲများကြောင့် မိုးကောင်း-ဖားကန့်လမ်း ပိတ်ထားရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။        ။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှစ၍ ပိတ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ အရာရှိတဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းနှင့် စစ်ကိုင်း၊ ပြည် (အင်းမ)၊ မကွေးမြို့များတွင် အခြေစိုက်သည့် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ခန့်နှင့် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ KIA ရင်း ၆ နယ်မြေဘက် အစိုးရတပ်တွေ ထိုးစစ်တင်လာလို့ လမ်းပိတ်လိုက်တာ။ တိုက်ပွဲဖြစ်လာရင်
ပြည်သူတွေ မထိအောင်၊ ပြည်သူတွေကို အရင်ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်လိုက်တာပါ” ဟု တပ်မဟာ ၂ ဌာနချုပ်မှ KIA အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့နယ် နမ်ရာနှင့် ကားမိုင်းကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဗုဒ္ဓဟူးနေ့မှစ၍ ကြာသပတေးနေ့ထိ တံတားညီနောင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကားတွေကိုတော့ မသွားခိုင်းတော့ဘူး။ အစိုးရဘက်က ထိုးစစ်ဆင်မှု၊ လှုပ်ရှားတဲ့အခြေအနေကို ကြည့်ပြီး ပြန်ဖွင့် သင့်ရင် ဖွင့်မယ်။ အစိုးရ စစ်ကြောင်းတွေက ကားလမ်းအတိုင်းမသွားဘဲ တောလမ်းလို ထိုးဝင်လာတာ ရှိတယ်ဆို
တော့ သူတို့လှုပ်ရှားမှုပေါ်မူတည်မယ်”ဟု အဆိုပါအရာရှိက ပြောသည်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ထိုးစစ်မဆင်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ညွန်ကြားထားပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သလို KIO ဘက်မှ တပ်ဆုတ်လိုက်ရမှုများလည်း ဆက်လက် ရှိနေသည်။

ဗုဒ္ဓဟူးနေ့ကလည်း KIO ၏ တပ်မဟာ ၃ နယ်မြေ ရှေ့တန်း စခန်းတခုဖြစ်သော ယောရုံစခန်းအား အစိုးရဘက်မှ ၁၀၅ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြန်လည် ဆုတ်ခွာပေးလိုက်ရ သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္ဈိမကို ပြောသည်။

“၁၀ ရက်လောက်ရှိပြီ အစိုးရဘက်က ထိုးစစ်ဆင်နေတာ။ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ အရမ်းပစ်လာ လို့ မခံနိုင်တော့လို့ ဆုတ်လိုက်တာ။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်ကို အလကား အဆုံးရှုံးမခံနိုင်ဘူး။ အသက် အန္တရာယ် ရှိလာလို့ ဆုတ်ပေးလိုက်တာပဲ” ဟု ပြောသည်။

ယော်ရုံစခန်းမှာ အစိုးရ၏ ဇင်လွမ်တပ်စခန်းနှင့် လွယ်ဂျယ်စခန်းကို ဆက်သွယ်ရန် အဓိကကျသည့် စခန်းဖြစ်ပြီး ၂ဝ၁၁ ဇူလိုင်လပိုင်းက KIO ဘက်မှ သိမ်းယူထားခဲ့ခြင်း ဖြစ်သည်။

အလားတူ ယခုရက်ပိုင်းလည်း မြစ်ကြီးနား-ဗန်မော်ကားလမ်းပေါ်ရှိ ဂျာပူတပ်စခန်းတခုကိုလည်း KIO က ဆုတ်ခွာ
ပေးလိုက်ရသည်ဟု ဦးလနန်က ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် KIO ဘက်မှ ကိုယ်စားလှယ် ၆ ဦးပါ အဖွဲ့ကို
ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ယခုလလယ်တွင် နှစ်ဘက် ပြန်လည် တွေ့ဆုံဖွယ်ရှိသည်ဟု KIO သတင်း ရပ်ကွက်မှ သိရသည်။

Wednesday 4 January 2012

MIZZIMA NEW

စစ်ဖိနပ်နဲ့ ကန်တာ သွားတွေတောင် ကျွတ်တယ်'

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(ကယန်းပြည်သစ်ပါတီမှ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ထုတ်ပြန်သော “လွတ်ငြိမ်းချမ်းသာခွင့်” အရ အင်္ဂါနေ့က လွတ်မြောက်လာခဲ့သူများထဲတွင် လွတ်ရက်စေ့ရန် တနှစ်သာ ကျန်တော့သည့် ကယန်းပြည်သစ် ပါတီ၏ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင် (ခ) ဦးဌေးအောင် တယောက်လည်း ပါဝင်သည်။

ကယန်းပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်
နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက် လှုပ်ရှားလျက် ရှိသည်။

ဗိုလ်မှူးကြီး စောလွင်သည် ၂ဝဝ၇ ခုနှစ်က တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ တရားမဝင် ကုန်ပစ္စည်း လက်ဝယ်
တွေ့ရှိမှုတို့ဖြင့် ကယန်းပါတီဝင် ဗိုလ်မှူးရဲအောင်၊ ဗိုလ်မှူး ကျော်လွင် တို့အပါအဝင် အရပ်သား ၈ ဦးတို့မှာ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကျခံခဲ့ပြီး အင်္ဂါနေ့က အိုးဘိုထောင်က လွတ်မြောက်လာခဲ့ကြသည်။

ပြစ်မှုမကျူးလွန်ပဲ ဖမ်းဆီးခံခဲ့ရသည်ဟု အများပြောဆိုမှုများ ဖြစ်ခဲ့သည့် ထိုစဉ်က အဖြစ်အပျက် အပါအဝင် ကယန်းပြည်သစ် ပါတီ တာဝန်ရှိ အကြီးအကဲ တဦး၏ အပစ်ခတ်ရပ်စဲရေး အပေါ်အမြင်၊ လက်ရှိ နိုင်ငံရေးအပါ် အမြင်များကို လွတ်မြောက်လာသူ ဗိုလ်မှူးကြီး စောလွင် အား မဇ္ဈိမ သတင်းထောက် ကျော်ခ က မေးမြန်းဖေါ်ပြ လိုက်သည်။


အသက်နဲ့ ရာထူးတာဝန် သိပါရစေခင်ဗျ။

လက်ရှိကျနော့်ရဲ့အသက်က ၅၉ နှစ်ပါ။ ကျနော့်ရဲ့ရာထူးတာဝန်ကတော့ ခုထက်ထိ ကယန်းပြည်သစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူးပါ။ စစ်ဘက်ရာထူးဆိုရင်တော့ ဗိုလ်မှူးကြီးအဆင့်ပေါ့။


အခုထောင်ကနေလွတ်လာတာ လျှော့ရက်နဲ့ လွတ်လာတာလား။ နှစ်ပြည့်လို့လား။ ဝန်ခံ ကတိတွေ ဘာတွေများ လက်မှတ်ထိုးခဲ့ရသေးလားခင်ဗျ။

လွတ်တာကတော့ လျှော့ရက်ကြောင့် လွတ်တာပေါ့ဗျာ။ ဒါပေမယ့် လျှော့ရက် မလာဘူးဆိုရင်လည်း ကျနော်က
နောက်တနှစ်ဆိုရင်ပဲ လွတ်တော့မယ့် အခြေအနေ ဖြစ်နေပါပြီ။ လက်မှတ်ကတော့ ဘယ်သူမှ မထိုးခဲ့ရပါဘူး။ ဒီအတိုင်းပဲ လွှတ်လိုက်တာပါပဲ။ ဒါပေမယ့် တခုပြောချင်တာက အခု အိုးဘိုထောင်မှာဆိုရင် နိုင်ငံရေး ယုံကြည်ချက်
ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ရှိနေတယ်။ သူတို့ လွှတ်ပေးတဲ့ အထဲမှာ မပါခဲ့ဘူး။


ဗိုလ်မှူးတို့ ဘာကြောင့် အဖမ်းခံရပြီး ထောင်ကျခဲ့ရတယ်ဆိုတာကို သိပါရစေလားခင်ဗျ။

လိုရင်းပြောရရင်တော့ဗျာ။ ရမည်းသင်းမှာက ကျနော်တို့ပါတီနဲ့ ဆက်စပ်ပြီးတာ့ ရွှေတူးတဲ့ အလုပ်ကို လုပ်နေတဲ့ ကုမ္ပဏီ တခုရှိတယ်။ အဲဒါကို သွားပြီးတော့ စစ်ဆေးပါဆိုပြီးတော့ ဗဟိုက တာဝန်ပေးတဲ့အတွက် ကျနော်သွားတယ်။
ရောက်တဲ့ညမှာပဲ ရမည်းသင်း မယက ဥက္ကဋ္ဌ ဦးရဲကျော်ခိုင် ဦးဆောင်တဲ့အဖွဲ့က ဝင်ပြီးတော့ ကျနော်တို့ကို ဖမ်းတာ ပဲ။ ကျနော် အပါအဝင် ၁၁ ယောက်ပေါ့ဗျာ။

ဖမ်းပြီး ရှာဖွေတဲ့အခါကျတော့ ဓါးပြတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ထားတဲ့ ပစ္စတို နှစ်လက်နဲ့ Point 22 သေနက် တလက်ကို တွေ့တယ်။ ရွှေချက်တဲ့နေရာမှာ သုံးတဲ့ ဓါတုပစ္စည်း တချို့ကို တွေ့တယ်။ အဲဒီအပေါ်မှာ ကျနော့်ကို မဲပြီးတော့ အတင်းအားဓမ္မ ရိုတ်နှက်ပြီး ဖမ်းသွားတာပဲဗျ။

ဖမ်းပြီးတော့ ညတွင်းချင်း ၃၆ နာရီအတွင်းမှာ အဲဒီအချိန်တိုင်းက တိုင်းမှူးရဲ့ အမိန့်ကြောင့် ဆိုပြီးတော့ အမြင့်ဆုံး
ပြစ်ဒါဏ်တွေ ချလိုက်တာပဲဗျ။ ကျနော်တို့က ဘာမှလည်း ခုခံကာကွယ်ပိုင်ခွင့်ဆိုတာလည်း မရှိဘူး။ နောက်တခုက ကျနော်တို့ကို အမိန့်ချတဲ့ အချိန်မှာ တရားသူကြီးအနေနဲ့ကလည်း တရားဝင် စီရင်ချက်ဆိုတာ မရှိပဲနဲ့ အကြမ်းရေး ထားတဲ့ စာရွက်ပိုင်းလေးကို ဖတ်ပြီးတော့ စီရင်ချက် ဆိုပြီး ချလိုက်တာပဲဗျ။


အမြင့်ဆုံး ချလိုက်တဲ့ ပြစ်ဒဏ်တွေဆိုတာက ဘာတွေလဲခင်ဗျ။

လက်နက်ဥပဒေ ၁၉ (စ) ဆိုလို့ရှိရင် အမြင့်ဆုံးပြစ်ဒဏ်က ၃ နှစ်ဗျ။ ကျနော်တို့ကို ချတာကလည်း ၃ နှစ်ပဲ။ နောက် တခုကတော့ သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ပုဒ်မ ၅၁ တို့၊ ၅၃ တို့ ဆိုတာက အမြင့်ဆုံး ပြစ်ဒဏ်က ၇ နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အမှု ၉၅ ရာခိုင်နှုန်း အမှုချမှတ်နေတဲ့ ပြစ်ဒဏ်တွေကတော့ ၃-၄ လ အများဆုံး တနှစ်ပေါ့ ဗျာ။ ဒါပေမယ့် ကျနော်တို့ကို ကျတော့ ၇ နှစ်ဆိုပြီးတော့ အာဏာကုန် ချလိုက်တာပဲ။


ဗိုလ်မှူးကို ဖမ်းတုန်းက ညှဉ်းပန်းနှိပ်စက်မှုတွေရော ရှိခဲ့လားခင်ဗျ။

ကျနော့်ကို ဖမ်းတဲ့အချိန်မှာတော့ မြို့နယ် မယက ဥက္ကဋ္ဌ ဦးရဲကျော်ခိုင်ကတော့ ငါက ဗိုလ်ချုပ် ခင်မောင်သန်းနဲ့ ဗိုလ်ချုပ်မြင့်လှိုင်တို့ရဲ့ ဥက္ကဋ္ဌပဲ။ ငါ ဘာလုပ်လုပ် ရတယ်ဆိုပြီးတော့ ကျနော့်လက်ကို နောက်ပြန်ကြိုးတုပ်၊ တွန်းလှဲ ပြီးတော့ မျက်နှာကို စစ်ဖိနပ်နဲ့ နင်းတာ၊ ကန်တာကျောက်တာတော့ တော်တော်လေး လုပ်ပါတယ်။ ကျနော် သွားတွေဘာတွေတောင် ကျွတ်ထွက်သွားတယ်။

နောက်တခုကတော့ သူ မဝတ ဥက္ကဋ္ဌအနေနဲ့  ဒီကိုရောက်တာ ၃ လရှိပြီ မင်းတို့ရွှေကုမ္ပဏီက ငါ့ကိုဘာမှလည်း မပေးဘူး။ မလေးမစား မျက်ကွယ်ပြုတယ်ဆိုပြီး ပြောပြီးကို လုပ်တာ။ အဲဒီအချိန်က သူ မူးလည်းမူးနေပါတယ်။ လုပ်တာကတော့ ကျနော့် တယောက်ထဲကိုပဲ လုပ်တာပါ။ တခြားလူတွေကိုတော့ မလုပ်ပါဘူး။


ဖမ်းဆီးခံရတဲ့ ၁၁ ယောက်လုံးက ဒီအမှုနဲ့ တကယ်တိုက်ရိုတ် သက်ဆိုင်တဲ့လူတွေပဲလား။

တခြားလူတွေကတော့ ပြောရမယ် ဆိုလို့ရှိရင် ဒီလက်နက်ရှိတဲ့ ကိစ္စနဲ့ နောက်တခါ ဓါတုပစ္စည်းရှိတဲ့ ကိစ္စက ကျနော် တို့ဆီက ကုမ္ပဏီက တာဝန်ခံ ဗိုလ်မှူးကျော်လွင်နဲ့ ဗိုလ်ရဲအောင် က သူတို့က တာဝန်ရှိတဲ့လူတွေ ဖြစ်တာပေါ့။ သူတို့နဲ့ပဲ ဆိုင်တယ်လေ။ ရှာဖွေဝရမ်းမှာလည်း သူတို့နဲ့သာ ဆိုင်ကြောင်း လက်မှတ်လည်း ထိုးပါတယ်။ ကျန်တဲ့လူ ၉ ယောက်ကတော့ တကယ့်ကို မသက်ဆိုင်တဲ့ လူတွေဖြစ်ပါတယ်။ ဒါပေမယ့် ၁၁ ယောက်လုံးကို ချလိုက်တာပဲလေ။ ဗိုလ်မှူးရဲအောင်ကတော့ ထောင်ထဲမှာ တနှစ်လောက်အကြာမှာပဲ စိတ်ကျရောဂါနဲ့ ဆုံးသွားတယ်။


ထောင်ထဲမှာလည်း သတင်းဂျာနယ်တွေ ဖတ်ခွင့်ရတယ်ဆိုတော့ မြန်မာအစိုးရသစ်ရဲ့ လုပ်ဆောင်နေမှု
တွေအပေါ် ဘယ်လိုမြင်လဲခင်ဗျ။


ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့။ တော်တော့်ကို စောင့်ကြည့်ရမယ့် အခြေအနေပါပဲ။ ဒီထက်ပိုမို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နက်နက်ရှိုင်းရှိုင်းမြင်ရမှပဲ ယုံကြည်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။


ဗိုလ်မှူးဆိုလိုတဲ့ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှု ဆိုတာက ဘယ်လိုဟာမျိုးကို ဆိုလိုတာလဲခင်ဗျ။

ကျနော်ဆိုလိုတဲ့ အတိုင်းအတာကတော့ ဥပမာ အကျဉ်းသားတွေ လွှတ်ပေးရေး ဆိုလို့ရှိရင်လည်း နိုင်ငံရေး အကျဉ်းသားတွေကို အကုန်အစင် ခြွင်းချက်မရှိ လွှတ်ပေးဖို့လို့ပါတယ်။ အလားတူပဲ မမျှတတဲ့ တရားစီရင်ရေး စနစ်ကြောင့် မကျသင့်ဘဲ ထောင်ကျနေတဲ့ လူအမြောက်အများကိုလည်း လွှတ်ပေးဖို့လိုပါတယ်။

အဲလိုပဲ အခြေခံဥပဒေ ပြောင်းလဲ ပြင်ဆင်ရေး ကိစ္စတွေကလည်း သမရိုးကျ နည်းလမ်းနဲ့ မဟုတ်ဘဲနဲ့ လူထုမျက်နှာ ကို ထောက်ထားပြီးတော့ အလျှင်အမြန် ဆောင်ရွက်ဖို့လိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ နောက်တခါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုလည်း တကယ့်ကို ထိထိရောက်ရောက် လူအများ မြင်သာ၊ ထင်သာဖြစ်အောင် တိုက်ဖျက်ဖို့ လိုပါတယ်။ အပေါ်ယံ ဆွေးနွေးပွဲတွေ လုပ်ပြရုံနဲ့တော့ အလုပ်မဖြစ်ပါဘူး။


လက်နက်ကိုင်တချို့ကတော့ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးနေတာတွေ ရှိသလို တချို့ကလည်း အပစ်ရပ် သဘောတူတာတွေ ရှိနေပါပြီ။ ဗိုလ်မှူးတို့ ကယန်းပါတီကရော အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေး ဖို့ ရှိတယ်လို့သိရပါတယ်။ ဗိုလ်မှူး သဘောထားကရော။

ကျနော်လည်း ခုမှအပြင်ရောက်လာတာဆိုတော့ ဘာမှ မဆွေးနွေးရသေးပါဘူး။ ကျနော် လွိုင်ကော်ပြန်ပြီးတော့ ဗဟိုကော်မတီနဲ့ တွေ့ပြီး ဆွေးနွေးရဦးမှာပါ။ ဒါပေမယ့် အစိုးရနဲ့လုပ်တဲ့ အပစ်ခတ်ရပ်စဲရေး ဆိုတာက အမှန်အတိုင်း
ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့နဲ့က လက်မှတ် ရေးထိုးထားမှုမရှိဘူးဗျ။ မရှိဘူးဆိုတာက ကျနော်တို့က လက်မှတ်ရေးထိုးဖို့ တောင်းဆိုပေမယ့် ဒါကတော့ မလိုပါဘူးဗျာ။ ခင်ဗျားတို့ လူကြီးလူကောင်းတွေ အချင်းချင်းပဲလို့
ပြောတယ်။

ဒါပေမယ့် နောက်ပိုင်းကျတော့ ကျနော်တို့ သဘောမတူခဲ့တဲ့ အချက်တွေကိုပဲ ကျနော်တို့က သဘောတူ သယောင်
ယောင် ထုတ်ဖေါ်လာတာတွေလည်း ရှိတယ်ဗျ။ အဲဒါတွေကတော့ မဟုတ်မမှန်ပါဘူး။ အဓိကကတော့ ကျနော်တို့ သဘောတူတဲ့ အချက်ကတော့ တဖက်နဲ့တဖက် အပြန်အလှန် လက်နက်ကိုင် တိုက်ခိုက်မှု မလုပ်ဖို့ ဒေသအတွင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့ရှိလာရင် ပူးပေါင်းပြီးလုပ်ဖို့ဒီနှစ်ချက်ပါပဲ။


အခုတိုင်းရင်းသား အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို လိုက်ပြီး ဆွေးနွေးနေတဲ့ အစိုးရဘက်က လူတွေဟာ အရင်တုန်းက စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ဟောင်းတွေဆိုတော့ အရင်တုန်းက
ဆွေးနွေး ထားသလို မတည်မြဲတဲ့ အပစ်ခတ် ရပ်စဲရေးမျိုးတွေ ထပ်ဖြစ်မလာနိုင်ဘူးလား။


ကျနော်မြင်တာကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာကတော့ ကျနော်တို့ မြန်မာပြည်ရဲ့ နိုင်ငံရေးဘဝအရက ဆိုလို့ ရှိရင်တော့ ပြည်သူလူထုက တကယ်ကိုလိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ ပီပီပြင်ပြင်နဲ့ ဖြစ်ဖို့လို တယ်။ အဲလိုပဲ ပြည်ထောင်စု ဆိုတာကလည်း ပီပီပြင်ပြင်နဲ့ဖြစ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း အဲလိုပဲပေါ့
နော်။ လူအများကလက်ခံနိုင်တဲ့ ငြိမ်းချမ်ရေးဖြစ်ဖို့လိုတယ်။ အဲလိုမဟုတ်ပဲနဲ့ အပေါ်ယံဆိုရင်တော့ တည်မြဲမှာ မဟုတ်ပါဘူး။


လွတ်မြောက်လာပြီ ဆိုတော့ ရှေ့ဆက်ပြီး ဘာတွေများ ဆက်လုပ်ဖို့ ရည်ရွယ်၊ ပြင်ဆင်ထားလဲခင်ဗျ။

ကျနော်ကတော့ ကယန်းပြည်သစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူး အနေနဲ့ပဲ လူထုတရပ်လုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ အရေး ငြိမ်းချမ်းရေး၊ ပြည်ထောင်စုအရေးတွေဟာ ပြည့်ဝသေးတာ မဟုတ်တော့။ ဒီကိစ္စတွေကို အပြည့်အဝ အကောင်အထည် ဖေါ်နိုင်တဲ့အထိတော့ ကြိုးပမ်း ဆောင်ရွက်သွားဖို့ရှိမှာဖြစ်ပါတယ်။ ကျနော်တို့ အထဲကို ရောက်နေတဲ့အချိန်မှာ လွတ်မြောက်လာတဲ့ အများလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက် လာပြီဆိုတော့ သူနဲ့လည်း တွေ့ရမယ့် အခြေအနေမှာရှိပါတယ်။


အခုဆိုရင် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကိုတောင် ရောက်လာပြီ။ လွတ်လပ်ရေးရပြီးကတည်းက ၂ဝ၁၂ ကာလထိ တလျှောက်လုံးအတွင်းမှာ မြန်မာနိုင်ငံကလူတွေ လွတ်လပ်ရေးရဲ့ အရသာကို တကယ်ပဲ ခံစားခွင့်ရခဲ့ရဲ့လား။

မြန်မာပြည်သူလူထုဟာ လွတ်လပ်ရေးရပြီးကတည်းက လွတ်လပ်ရေးရဲအရသာကို မခံစားကြရဘူး။ ငြိမ်းချမ်းရေး ဆိုတာက ဆိတ်သုဉ်းခဲ့တယ်။ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်။ ဒီမိုကရေစီဆိုတာ အမှောင်ကျခဲ့တယ်။ တိုင်းပြည် ကလည်း ဆင်းရဲတွင်းနက်ခဲ့တယ်။ လူတွေကလည်း ဆင်းရဲတွင်းနက်ခဲ့တယ်။ ဒါတွေဟာ အဆုံးသတ်ဖို့ အချိန်ရောက် ပါပြီ။ ဒီလိုအဆုံးသတ်ဖို့ကိုလည်း ပြည်သူလူထု တရပ်လုံးကနေပြီးတော့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြဖို့ လိုမယ်လို့ ကျနော်ပြောချင်ပါတယ်။

MIZZIMA NEW

သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာ မပြည့်စုံဟု ဝေဖန်ကြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။         ။ သမ္မတ ဦးသိန်းစိန်၏ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် လွတ်လပ်ရေး ရရှိခြင်း၏ အကြောင်းရင်း တရပ်ဖြစ်သော ပင်လုံစာချုပ်နှင့် ပတ်သက်၍ ထည့်သွင်း ဖေါ်ပြမထားသည်ကို တိုင်းရင်းသား ခေါင်းဆောင်များက ဝေဖန် လိုက်ကြသည်။

သဝဏ်လွှာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ လွတ်လပ်ရေး ကြိုးပမ်းမှု ကိုသာ ဖေါ်ပြထားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတ ဖြစ်သည့် ပင်လုံစာချုပ်အကြောင်း ထည့်သွင်း မဖေါ်ပြသည်ကို ဝေဖန်ကြခြင်း ဖြစ်သည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ပြောခွင့် ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က "မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တကယ့်ကို ဘူမိနတ်သံ ပါပဲ။ ပင်လုံစာချုပ်ကို လက်မှတ်
ရေးထိုးခဲ့ခြင်း မရှိဘဲနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ဘယ်လိုမှ လွတ်လပ်ရေး အရယူလို့ မရဘူး။ တိုင်းရင်းသား အားလုံး စုဆုံပြီးတော့မှ တောင်တန်း/ပြည်မ အတူပူးတွဲပြီး လွတ်လပ်ရေး ယူဖို့အတွက် လက်မှတ်ရေးထိုး ကြိုးစား ခဲ့ကြတာဟာ ပင်လုံပါ။ အဲဒီပင်လုံစာချုပ်ကို ဖုံးကွယ်ထားပြီးတော့မှ ကွယ်ဝှက်ထားပြီးတော့မှ လွတ်လပ်ရေး အကြောင်း ပြောမယ်ဆိုရင် မပြည့်စုံနိုင်သလို အဓိပ္ပါယ်လည်း မရှိပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

တောင်ပေါ်နှင့် မြေပြန်တို့ ညီညွတ်မှုကို ပြသခဲ့သည့် ပင်လုံစာချုပ်အကြောင်း ထည့်သွင်း မဖေါ်ပြခြင်းသည် စည်းလုံးညီညွှတ်ခြင်းဟူသည့် ပင်လုံစိတ်ဓာတ်ကို ပျောက်ကွယ်သွားစေသည်ဟု ဇိုမီး အမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ဦးပူးကျင့်ရှင်းထန်က ဆိုသည်။

"သူတို့က အရေးကြီးတဲ့ ပင်လုံကိစ္စတော့ ထည့်မပြောသွားဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကျတော့
ပြောတယ်။ မျက်ကွယ်ပြုတယ်ဗျာ။ အမှန်မှာ ဒီဥစ္စာက အရေးကြီးဆုံး ဖြစ်တယ်။ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံကိစ္စကို ချန်ခဲ့ပြီးတော့မှ ပြည်ထောင်စုဆိုပြီးတော့ ပြောတယ်။ အဓိက အရင်းခေါက်ခေါက်ကို မထိမိဘူး။ ဒါဟာ ပင်လုံကို တိမ်မြုပ်သွားစေတယ်လို့ ထင်တယ်ဗျာ" ဟု မဇ္ဈိမကို ပြောသည်။

ပင်လုံစာချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ လွတ်လပ်ရေးအား တောင်းတန်း/
ပြည်မ မခွဲခြားဘဲ အတူရယူရန် ၁၉၄၇ ခုနှစ်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

စာချုပ်ပါ အချက်များတွင် "တောင်တန်းဒေသရှိ ပြည်သူတို့သည်  ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်" ဟုလည်း ဖေါ်ပြပါရှိသည်။ သို့သော် လွတ်လပ်ရေး ရရှိပြီးသည်မှာ ၆၄ နှစ် ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့တိုင် အဆိုပါအခွင့်အရေးများ မရရှိသေးဘဲ စာချုပ်ပါ အချက်အလက်များနှင့် ကွဲလွဲနေသည်ဟု ဦးစိုင်းလိတ်က ပြောသည်.

"ကျနော်တို့ အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်တို့၊  စည်းရုံးဟောပြော ပိုင်ခွင့် တို့ဆိုတာဟာ လွတ်လပ်ရေးရကတည်းက ဒီနေ့ထိ မရသေးပါဘူး။ ဘယ်တိုင်းရင်းသားဒေသတွေမှမှ ရရှိခဲ့တယ်လို့ မကြားမိပါဘူး။ ဒါကြောင့် လက်မှတ်သာ ထိုးခဲ့တယ် လူ့အခြေခံ အခွင့်အရေးပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ပဲဖြစ်ဖြစ် တိတိပပ ရရှိခဲ့တာမရှိပါဘူး။ စာချုပ်နဲ့ ကိုက်ညီတာ မရှိသေးပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

ပင်လုံစာချုပ်တွင် "တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်  အပြည့်အဝ ရှိကြောင်း မှုအားဖြင့် လက်ခံသည်" ဟုလည်း ပါရှိပြီး လက်ရှိအခြေအနေသည် ပင်လုံစာချုပ်ပါ အချက်အလက် များနှင့် ကွဲလွဲနေကြောင်း KIO ကချင်လွတ်မြောက်ရေးတပ်မတော်မှ အမြဲတမ်းဗဟိုကော်မတီဝင် လမာဂွမ်ဖန်း က ပြောသည်။

"ကနေ့ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ ပင်လုံစာချုပ်က အများကြီး ကွာခြားနေတာပဲ။ အဲဒါကြောင့် ကျနော်တို့ KIO အနေနဲ့က ပင်လုံစာချုပ်အတိုင်း ဒီတိုင်းပြည်ကြီးကို စစ်မှန်တဲ့ ပြည်ထောင်စု ဖေါ်ဆောင်နိုင်အောင် ကျနော်တို့ ဝိုင်းပြီးတော့ တည်ဆောက်ဖို့ KIO က သဘောထားရှိပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ကို ပြည့်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသော်လည်း ကချင်ပြည်နယ်အတွင်း KIO နှင့် အစိုးရတပ်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို ဥပမာပြုကာ တိုင်းရင်းသား ပြဿနာ မဖြေရှင်းရသေးဘဲ လွတ်လပ်ရေး၏ အသီးအပွင့်ကို မခံစားရသေးဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက
ပြောသည်။

"လွတ်လပ်ရေးရပြီးတည်းက နှစ်ပေါင်း ၆ဝ ကျော်ကြာလာပြီ တိုင်းရင်းသားပြဿနာတွေကို မဖြေရှင်းရသေးဘူး။ တိုတိုပြောရရင် ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေဟာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို မခံစားရသေးဘူး။ အဲဒီပြဿနာတွေကို တက်လာတဲ့အစိုးရသစ်က ဘယ်လိုဖြေရှင်းမယ်ဆိုတာ သဝဏ်လွှာထဲမှာ မတွေ့ရဘူး" ဟု မဇ္ဈိမကို ပြောသည်။

MIZZIMA NEW

ထားဝယ် စီမံကိန်းကိစ္စ KNU နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့ တွေ့ဆုံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။         ။ ထားဝယ်ဒေသ ဖွံဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ
ITD က ကရင်အမျိုးသား အစည်းအရုံး KNU ကို ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံ ရှင်းလင်းခဲ့ကြောင်း တွေ့ဆုံမှု တွင် ပါဝင်ခဲ့သူ KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဂွယ်ထူးဝင်းက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ပြုလုပ်ခဲ့သည့် ယင်းရှင်းလင်းပွဲတွင် KNU (ဗဟို) Mega Project Research Committee ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူး ပဒိုဒါးဒိုမူး၊ အဖွဲ့ဝင် ပဒိုစောဒေးဗစ်ထောတို့ တက်ရောက်ခဲ့သည်။ ပဒိုစောဂွယ်ထူးဝင်းမှာ နယ်မြေတာဝန်ခံတဦး အနေဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ITD ဒုဥက္ကဋ္ဌ အနန် အမရာပလ Anan Amarapala နှင့် အတူ ချူလာလောင်ကွန်း တက္ကသိုလ်မှ စီမံကိန်းဆိုင်ရာ
လေ့လာစမ်းစစ်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်များက ရှင်းပြခဲ့သည်။

“သူတို့ ကုမ္ပဏီရဲ့ လုပ်ငန်း အစီအစဉ်တွေ ရှင်းပြတာပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပျက်စီးမှုတွေ Impact Assessment တွေ သူတို့ ဘယ်လိုလုပ်ထားလဲ၊ Social Impact Assessment တွေ၊ ဘယ်လို လျော်ကြေး
ပေးမလဲ ရှင်းပြတာပါ” ဟု ပဒိုစောဂွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

ITD ကုမ္ပဏီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင် များဖြင့်
၂ဝ၁ဝ ခုက လေ့လာစမ်းစစ်ထားသည့် အချက်အလက်များကို အခြေခံ၍ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်
ကို ထိခိုက်မည် ဖြစ်သော်လည်း ကုမ္ပဏီ၏ အစီအစဉ်အတိုင်း ဆောင်ရွက်ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်မည်ဟု ရှင်းပြသွားသည်ဟု ဆိုသည်။

ဒေသခံများနှင့် အခွင့်အရေး လှုပ်ရှားသူများက စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ အသက်
မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်မှု၊ နေရာပြောင်းရွှေ့ရမှုများအတွက် စောဒကတက်မှုများကြောင့်
ရှင်းလင်းရန် KNU က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းပါ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နှင့် ဆက်သွယ်မည့် ကားလမ်း ဖောက်လုပ်ရေးကို KNU က ပိတ်ပင်ထား သည်မှာ ၃ လကျော်ပြီ ဖြစ်သည်။ ITD ကုမ္ပဏီက ပြန်ဖွင့်ပေးစေလိုပြီး စီမံကိန်းတခုလုံး လုံခြုံရေး အတွက်ပါ တာဝန်ယူပေးစေလိုနေသည်။

“စစ်မတိုက်တော့ဘူးဆိုရင်တော့ လုံခြုံရေးက ဘယ်သူမှယူစရာ မလိုပါဘူး။ မိတ်ဆွေနှစ်ဦးက (အစိုးရနှင့်
ကေအန်ယူ) လက်ဆွဲ နှုတ်မဆက်သမျှတော့ ဘယ်လိုတာဝန်ယူရမလဲ” ဟု ပဒိုဂွယ်ထူးဝင်းက ပြောသည်။

ITD ကုမ္ပဏီဘက်ကမူ ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးပေးကြောင်း၊ ရွှေ့ပြောင်းပေးရမည့် ဒေသခံများ အတွက် အစားထိုး ဆောက်ပေးမည့် အငယ်စား၊ အလတ်စား၊ အကြီးစား အိမ်ပုံစံများ လည်း နမူနာပုံစံ ပြသခဲ့ သည်ဟု စောဂွယ်ထူးဝင်းက ဆိုသည်။

ဒေသခံများကမူ ပြောင်းရွှေ့ရမည့် ၂၁ ရွာအတွက် ပြန်လည် နေရာချထားပေးမည့် နေရာသစ် လေးခုမှ ‘ဘွာရွာ’ ၌ တလုံးလျှင် သိန်း ၁၅၀ တန် အိမ်အလုံး တထောင်ကျော် ဦးစားပေး စတင်ရန် ကုမ္ပဏီက လျာထားကြောင်း မဇ္ဈိမကို ပြောသည်။ ဥယျာဉ်ခြံမြေ ဧက တသိန်းကျော်အတွက် လျော်ကြေးငွေမှာလည်း ကာလတန်ဘိုးထက် သုံးဆခန့် နည်းနေကြောင်း ဆိုသည်။

KNU ကမူ ဒေသခံများထံမှ လေ့လာစုံစမ်းမှုများ ပြုလုပ်ပြီး အစည်းအဝေး ပြန်ထိုင်၍ ဆုံးဖြတ်ချက်ချမည်ဟု
ပြန်ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ တန်ဘိုးရှိ စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာကို ၂၀၀၈ ခု မေလ ၁၉ ရက်နေ့က စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နို့ပဒွန် ပတ်တမ Noppadon Pattama နှင့် ယခင် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ စတင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအတွင်း စက်မှုဇုံ၊ မြို့ပြတည်ဆောက်ရေး၊ ရေနက်ဆိပ်ကမ်း၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်စက်ရုံ၊ စတီးစက်ရုံ၊ ဓာတုလောင်ဆာစက်ရုံ၊ ရေနံသန့်စင် စက်ရုံ၊ သဘောင်္ တည်ဆောက်ရေးနှင့်
ပြုပြင်ရေး၊ မီးရထားလမ်း၊ ကားလမ်း၊ ရေနံနှင့် သဘာဝ ပိုက်လိုင်းများ ပါဝင်သည်။

MIZZIMA NEW

မိုဘိုင်းဖုန်း Sim Card ကျပ် ၅၀၀၀ နှင့် သုံးရတော့မည်ဟုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင်
ရောင်းချနိုင်တော့မည် ဖြစ်သည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက အင်္ဂါနေ့က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ Park Royal တွင် နံနက် ၁ဝ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွှေပြည်တံခွန် ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စီမံကိန်း ပါဝင်သည့်ဒေသများမှာ ပထမနှစ် အနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်ပြီး
နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်” ဟု သတင်းစာ ရှင်းလင်းချက်ကို ဖတ်ပြသည်။
simcard
မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင် ရောင်းချနိုင်တော့မည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောကြား

3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်
ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃၀ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။

ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်
ဟု သိရသည်။

Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။

ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဈေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။

လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။

Tuesday 3 January 2012

myanmar new

အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား ‘လွတ်ငြိမ်း ချမ်းသာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန် လိုက်သည်။

အဆိုပါအမိန့်ကို ၂.၁.၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။

ဤလွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်းအဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏
လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း ပါရှိသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူအားလုံး အကျုံးဝင်သည်ဟုလည်း ပါရှိသည်။

ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်းတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး တို့လွတ်မြောက်လာနိုင်ဖွယ်မရှိပေ။

ယင်းလျှော့ပေါ့ပေးမှုကြောင့် လွတ်မြောက်ခွင့်ရလာသူများကို အင်္ဂါနေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဤအစိုးရသစ်လက်ထက်တွင် မေလ ၁၆ ရက်နေ့နှင့် အောက်တိုဘာ ၁၂ ရက်နေ့တို့တွင်လည်း အလားတူ ပြစ်ဒဏ်
လျှော့ပေါ့ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပေးခဲ့ဖူးသည်။

Saturday 31 December 2011

MIZZIMA NEW

အဲ့ဒီအခန်းဖြတ်' ဒါရိုက်တာ ဝိုင်း အသနားခံစာတင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။        ။ 'လွတ်လပ်ခြင်း အနုပညာ'ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ထားသော 'အဲ့ဒီအခန်း
ဖြတ်' ရုပ်ရှင်ကားတိုသည် ပြိုင်ပွဲစည်းကမ်းနှင့် မညီ ဟုဆိုကာ ပယ်ဖျက်လိုက်ခြင်းကြောင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆုရွေးချယ်ရေး ကော်မတီသို့ အသနားခံစာ တင်ပြထားသည်ဟု ဒါရိုက်တာဝိုင်းက ပြောသည်။

"ကျနော် မနေ့က သိရတာက ပြိုင်ပွဲဝင် စည်းကမ်းနဲ့ မညီညွတ်ဘူးလို့တော့ သိရတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျနော်က မသိပါဘူး။ ဒီ အင်တာနက်ပေါ်တင်ဖို့ကိုလည်း ကျနော် အစီအစဉ် မရှိပါဘူး။ ဒါလေးကိုတော့ ကျနော် အသနားခံစာအနေနဲ့ ပြန်တင်ပြီးတော့ ဖြေရှင်းချက်ပေးထားပါတယ်" ဟု အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုအား ရိုက်ကူးသူ ဒါရိုက်တာဝိုင်းက မဇ္ဈိမကိုပြောသည်။

ဒါရိုက်တာ ကိုသူရ (ဇာဂနာ)၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ဦးစီးသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ဇာတ်လမ်းပေါင်း ၁၈၈ ကား ရှိပြီး အဆိုပါကာများထဲမှ "အဲ့ဒီအခန်းဖြတ်" သည် အင်တာနက်ပေါ် ရောက်ရှိကာ ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်သည့်အတွက် ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်မျိုး ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ကြုံတွေ့ခဲ့ဖူးပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် သူ ရိုက်ကူး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် "အင်းသီး" ရုပ်ရှင်ကားကိုလည်း အင်တာနက် စာမျက်နှာများပေါ်မှ ဖြုတ်ပေးခဲ့ရ သည်ဟု မဇ္ဈိမကို ပြောသည်။



"ကျနော် ကြုံခဲ့ဖူးတယ်ဗျ။ ကျနော့် "အင်းသီး"ကို ရုပ်ရှင်ပွဲတော်တခုကို ကျနော် ပို့တာပေါ့။ စင်္ကာပူက သူငယ်ချင်း တယောက်ကလည်း အဲဒါကို YOUTUBE မှာ အဲဒါကို တင်ထားတယ်ဗျ။ အဲဒါကို သူတို့သိတော့ ကျနော့်ကို အဲဒါကို
ဖြုတ်ပေးဖို့ သူတို့ လှမ်းပြောတယ်။ အဲဒါနဲ့ ကျနော် ဖြုတ်ပေးရတယ်" ဟုပြောသည်။

"အဲ့ဒီအခန်းဖြတ်" နှင့်ပတ်သက်၍ ပြိုင်ပွဲဝင်စည်းကမ်းကို ဖေါက်ဖျက်သကဲ့သို့ဖြစ်သည်မှာ မှန်ကန်ပြီး ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များကို မဝေဖန်လိုကြောင်းနှင့် မိမိတွင် အပြစ်ရှိကြောင်းလည်း ဒါရိုက်တာဝိုင်းက
ပြောသည်။

"ကျနော့်ရဲ့ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့ အမေစုအပေါ်မှာ၊ ကိုသူရအပေါ်မှာ၊ ကိုမင်းထင်အပေါ်မှာ ပရိသတ်
တွေက ထင်ကြေးတွေ မပေးကြပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်နေတဲ့ အလုပ်ကလေးတွေက အများ
ကောင်းကျိုးအတွက်ဆိုတာ ကျနော်တို့က နားလည်ရမယ်လေ။ ကျနော် စည်းကမ်းဖေါက်သလို ဖြစ်တဲ့အတွက် ကျနော့်မှာ အပြစ်ရှိတယ်။ သို့သော်လည်း ကျနော်လုပ်တာ မဟုတ်ဘူးဆိုတာ သူတို့ကို တင်ပြထားတယ်။ တကယ့်တကယ်တော့ သူတို့မှန်ပါတယ်" ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်ပွဲတော်ပြိုင်ပွဲမှ ပယ်ချခံရသည့် ၁၈ မိနစ်ကြာမြင့်သော "အဲ့ဒီအခန်းဖြတ်" ရုပ်ရှင်ကားသည် ပြန်ကြားရေး၊
ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေးစသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့မှ ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက် ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် ရုပ်ရှင်ကားပေါင်း ၁၈၈ ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် ၅၃ ကား ရွေးချယ်ထားသည်။ အဆိုပါ ဆန်တကာတင်ကားများကို ဒီဇင်ဘာ ၃၁ ရက်နေ့ ရန်ကုန်ပြည်လမ်းရှိ တော်ဝင်စင်တာတွင်ကျင်းပမည့် ရုပ်ရှင် ပွဲတော်တွင် ထုတ်ပြန်မည်ဖြစ်ကာ ဆုရကား လေးကားကိုလည်း ရွေးချယ်မည်ဟု သိရသည်။

ဆုပေးပွဲကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဆုပေးမည်
ဖြစ်သည်။ ပြိုင်ပွဲဝင်ရုပ်ရှင်ကားများ ပေးပို့ထားသည့် ဒါရိုက်တာများအားလုံးကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တော်ဝင် စင်တာသို့ ညနေ ၄ နာရီအရောက် လာကြရန် ဖိတ်ကြားထားသည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက
ပြောသည်။

MIZZIMA NEW

“သိမ်း” Thane ဆိုင်ကလုန်းအမည် မြန်မာပေးခဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(မဇ္ဈိမ) ။          ။သောကြာနေ့က အိန္ဒိယအရှေ့ပိုင်းကမ်းခြေကို တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်း အမည် “သိမ်း” (Thane) အား မြန်မာနိုင်ငံက ပေးခဲ့ခြင်းဖြစ်ကြောင်း India Today တွင် ရေးသားထားသည်။

tropical-cyclone-thane

အိန္ဒိယမိုးလေဝသ နှင့် ဇလဗေဒဌာန၏ ပြောကြားချက်အရ၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာကို အခြေပြုတိုက်ခတ်သော ဆိုင်ကလုံးမုန်တိုင်းနာမည်များအား အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန် နှင့် ထိုင်းနိုင်ငံများက အလှည့်ကျ နာမည်ပေးသည်ဟု သိရသည်။

၂၀၀၄ ခုနှစ်မှ စတင်အသက်ဝင်ခဲ့သည့် ကမ္ဘာ့မိုးလေဝသ နှင့် ဇလဗေဒအဖွဲ့နှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မရှင်တို့မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ ယခုကဲသို့ နာမည်သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံ ရှစ်နိုင်ငံသည် အမည် ၆၄ ခုအား ပြင်ဆင်ထားပြီး အလှည့်ကျ ကြေညာသည်။ ယခု ဘင်္ဂလား ပင်လယ်အော်သို့ ရွေ့လျားနေသော ဆိုင်ကလုံးနာမည် သိမ်း (Thane) အား မြန်မာနိုင်ငံမှ ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်များက ပေးခဲ့သော နိုင်ငံနှင့် ဆိုင်ကလုံး နာမည်များမှာ။

  •     လိုင်လာ (ပါကစ္စတန်)၊ နစ်ရှား (ဘင်္ဂလားဒေ့ရှ်) ၂၀၁၀
  •     ဖျန်း (မြန်မာ) ၂၀၀၉
  •     အိုင်လာ (မော်လဒိုက်) ၂၀၀၉
  •     ဘီဂျလီး (အိန္ဒိယ) ၂၀၀၉
  •     ရက်ရှ်မီး (သီရိလင်္ကာ) ၂၀၀၈
  •     နာဂစ် (ပါကစ္စတန်) ၂၀၀၈

သောကြာနေ့က တိုက်ခတ်ခဲ့သည့် “သိမ်း”မုန်တိုင်းဒဏ်ကြောင့် အိန္ဒိယတောင်ပိုင်း ပွန်ဒီချယ်ရီကမ်းခြေနှင့် တမီလ်နာဒူးပြည်နယ်ကမ်းခြေမှ လူ ၃၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း စနေနေ့ထုတ် Times of India သတင်းစာတွင် ဖော်ပြပါရှိသည်။

ဤမုန်တိုင်းအရှိကြောင့် မြန်မာနိုင်ငံတွင်လည်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကြားမိုးရွာနိုင်ပြီး ကမ်းရိုးတမ်းနှင့်ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း မြန်မာ့မိုးလေ၀သနှင့်ဗလဗေဒမှ ထုတ်ပြန်သတိပေးထားသည်။

Thursday 29 December 2011

MIZZIMA NEW

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။          ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်
ဆွေးနွေးသဘောတူမှုများ ရရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်များနှင့်မူ ထိုးစစ်ဆင်မှုများ
နေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး တပ်ရင်း တခုမှာ ဆုတ်ခွာ ပေးလိုက်ရသည်ဟု KIO က ပြောသည်။

ဒီဇင်္ဘာ ၂၅ မှ ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄  လက်အောက်ခံ တပ်ရင်း ၈ စခန်းသို့ ဗုဒ္ဓဟူးနေ့ကမူ အစိုးရ၏ ခလရ ၆၈၊ ခမရ ၅ဝ၇ တပ်အင်အား ၃ဝဝ ကျော်က ထပ်မံ တိုးမြင့်လာသဖြင့် ရှောင်တိမ်းပေးလိုက်ရခြင်း ဖြစ်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။

“သူတို့(အစိုးရ) ထိုးစစ်မလုပ်တော့ဘူးဆိုတာ အလကားပြောတာပဲ။ မနေ့က သူတို့တပ်တွေရဲ့ နဂိုရှိတဲ့ တပ်တွေ ထိခိုက်တာ များလာတော့ နောက်ကနေ အသစ်တွေ ထိုးဝင်လာလို့ ကျနော်တို့ ရင်း ၈ ကို ဖယ်ပေးလိုက်ရတယ်။ ကျနော်တို့ဘက်က အသေခံရမှာစိုးလို့ ကျနော်တို့ နေရာကို ပြောင်းပေးလိုက်တာဘဲ ရှိတယ်။  လက်နက်ကြီးနဲ့ ပစ်လာလို့ ရှောင်လိုက်တာပဲရှိတယ်” ဟု သူက ပြောသည်။

“ဒီနေ့လည်း တပ်မဟာ ၃ တပ်ဖွဲ့တွေနဲ့ ဗျန်ဝိုင်းကျေးရွာမှ တိုက်နေတယ်။ ယော်ရုံတောင်ကို တိုက်ပို့ စစ်ကြောင်းကို ထိုးနေတယ်။ သုံးလေရက်ရှိပြီး တပ်က ဗန်းမော်၊ မိုးမောက်ဘက်က နေတက်လာတာ။ ဇိန်လွန်အထိ ကားနဲ့ လက်နက် အင်အားတွေ လာပို့တယ်။ အဲဒီကနေ ခြေလျင်နဲ့ ယော်ရုံဘက်ကို ထိုးနေတယ်၊ လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်တယ်”ဟု သူက ဆက်ပြောသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် ဇိန်လွန်အကြားရှိ KIO ၏ တပ်မဟာ ၃ တပ်ဖွဲ့များ အခြေချရာ ယော်ရုံတောင်ဘက်သို့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ နေ့စဉ် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ ၃၈၂၊ ၃၈၃ နှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ ရင်း ၁၁ တပ်ဖွဲ့များနှင့် မြစ်ကြီးနားမြို့၏ တောင်ဘက် ၁၅ မိုင်အကွာရှိ အကျဲနှင့် ဖရော်ကျေးရွာ အကြားတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနားမြို့ခံတဦးနှင့် KIO တို့ထံမှ သိရသည်။

ဝိုင်းမော်မြို့နယ် ဂျာပူကျေးရွာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃၈၉ နှင့် KIO တပ်ဖွဲ့များ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီမှ ညနေထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သဖြင့် ဂျာပူကျေးရွာတွင် သွယ်တန်းထားသော လျှပ်စစ်ကြိုး ပြတ်တောက်သွားခဲ့သည်ဟု ဦးလနန်က ပြောသည်။

ထိုးစစ်များ ရပ်တန့်ရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့ကတည်းက ကာကွယ်ရေးဦးစီးချုပ်ရုံးထံသို့ သမ္မတရုံးက ညွန်ကြား လိုက်သည့် နေ့မှစ၍ ယနေ့ထိ အစိုးရနှင့် KIO တပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၆၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြန်းရေး ဓါတ်အား လိုင်း ယမန်နေ့ညက ပျက်တောက်ခဲ့သည်ဟု မြစ်ကြီးနား မြို့ခံတဦးက “မနေ့ကပဲ ပျက်သွားတော့ အခက်အခဲတော့ မရှိသေးဘူး။ အရင်တခေါက်လိုမျိုး အကြာကြီး ပျက်သွားမယ်ဆိုရင်တော့ ဒုက္ခရောက်မှာပဲ”ဟု သူက မဇ္စျိမကို
ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ ပြတ်တောက်သွားခဲ့သဖြင့် ဘူးဂါးကုမ္ပဏီက
ပြန်လည် ပြင်ဆင်ခဲ့ရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန်  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ကို ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ၁ တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့သည် တခြားတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် လိုက်လံဆွေးနွေး သဘောတူညီမှုများ ရှိနေသော်လည်း KIO နှင့်မူ ထပ်မံ တွေ့ဆုံရန် ကမ်းလှမ်း လာခြင်း မရှိသေးပေ။

ယခုလ ၁၈ ကတော့ ငြိမ်းချမ်းကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့ဖွဲ့ထားကြောင်း KIO အဖွဲ့ကို တရားဝင် စာပို့ထားသည်။ KIO ကလည်း နိုင်ငံရေးဆွေးနွေးရန် ဗဟိုကိုယ်စားလှယ် အနည်းဆုံး ခြောက်ဦးပါအဖွဲ့ကို ရွေးချယ်ထားပြီး ဖြစ်သည် ဟု KIO နှင့် နီးစပ်သူ များထံမှ သိရသည်။