ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေ
မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရ စစ်တပ်တွေဟာ လူ့အခွင့်အရေး
ချိုးဖေါက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်ဆိုတဲ့
စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာပါတယ်။
နော်ဝေးအခြေစိုက် Partners Relief and Development
အဖွဲ့ ကနေ အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်မှာ
ညှင်းပန်းနှိပ်စက်မှုတွေ အတင်းအဓမ္မခိုင်းစေမှုတွေနဲ့ အရပ်သားတွေကို
ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို
ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိကြောင်း၊အထောက်အထားနဲ့ တကွ ဖေါ်ပြထားပါတယ်။ညှင်းပန်း နှိပ်စက် မှုရှိကြောင်း အထောက်အထားအဖြစ် နဲ့ အသက် ၃၄ နှစ် အရွယ် လူကြီး တယောက်နဲ့ အသက် ၁၇ နှစ် အရွယ် လူငယ်တယောက်ရဲ့ အလောင်းတွေကို ဓါတ်ပုံနဲ့ တကွ ဖော်ပြထားပါတယ်။
ဒူးနှစ်ဖက် နဲ့ ချိုင်းနှစ်ဖက်မှာ သေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်မှာ ရထားတဲ့ ဒဏ်ရာတွေ ဦးခေါင်းကြေမွတဲ့ ဒဏ်ရာနဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ခံထားရတာတွေကို ထောက်ပြပြီး မသေခင်မှာ ဆိုးဆိုးဝါးဝါး ညှင်းပန်း နှိပ်စက်ခံထားရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရမှု ရှိကြောင်းကိုတော့ ဗုံးထိမှန်ပြီး သေဆုံးခဲ့တယ်ဆိုတဲ့ သုံးတန်းကျောင်းသား ကလေးတယောက် ကို မြုပ်နှံထားတဲ့ မြေပုံနဲ့ ခေါင်းကို သေနတ်နဲ့ အပစ်ခံခဲ့ရသူ တယောက်ရဲ့ အလောင်းဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။
နမ်လင်းပါ ရွာထဲက ကောက်ယူရရှိတယ်ဆိုတဲ့ ဗမာစစ်သားတယောက်ရဲ့ နာမည် ရေးထိုးထားတဲ့ စစ်သုံး ရေဗူးနဲ့ ကျည်ဆံထည့်တဲ့ ပလပ်စတစ်ဗူး တဗူးကိုလည်း ဓါတ်ပုံနဲ့ ပြထားပါတယ်။
ဒီအစီရင်ခံစာကို အောက်တိုဘာလ အတွင်း နမ်လင်းပါ ဆိုတဲ့ ရွာမှာ သုံးပတ်ကြာ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ် အပျက်ကို အခြေခံရေးသားထားတာဖြစ်ပြီး အဲဒီက ဖြစ်ရပ်တွေဟာ ဇူလိုင်လကတည်းက စတင်ပြီး ကချင်ပြည်နယ်တခုလုံးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်နေပါတယ်လို့ Partners Relief & Development အဖွဲ့ရဲ့ အစီရင်ခံစာ ကို အဓိက ဦးဆောင် ရေးသားသူ ဖြစ်တဲ့ ဘရိုင်ယန် အီရစ်က် ဆန် Bryan Erikson က ဘီဘီစီကို ပြောပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစုံစမ်းရာမှာ အသုံးပြုတဲ့ နိုင်ငံတကာစံထားတဲ့ နည်းလမ်းတွေကိုသုံးပြီး ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ နစ်နာသူတွေနဲ့ နီးစပ်သူ ဆွေမျိုးသားချင်းတွေကို အဓိက တွေ့ဆုံမေးမြန်းထားတယ်လို့ ပြောပါတယ်။
ဒီလို အခြေအနေတွေကို ကြည့်ရင် စစ်ရာဇဝတ်မှု မြောက်ဖွယ်ရှိတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို တွေ့မြင်နေရတဲ့ အတွက် ကုလသမဂ္ဂ ကနေ ကော်မရှင်အော့ ဖ် အင်ကွာရီ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဒီနေ့မှာပဲ အဲဒီလို ကချင်ပြည်နယ်အတွင်း ကချင်အမျိုးသားတွေအပေါ်မှာ အစိုးရတပ်ရဲ့ လူ့အခွင့်အရေး ဖေါက်ဖျက် ကျူးလွန်မှုတွေအပေါ် ရှုတ်ချတဲ့အနေနဲ့ ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကချင် အမျိုးသား ကောင်စီနဲ့ ကချင် အမျိုးသား အစည်းအရုံးတို့ကလည်း အမေရိကန် ဂျပန် ဗြိတိန်နိုင်ငံတို့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြ ဆိုပါတယ်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in